Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပုပ်ရဟန်းမင်းရဲ့ ဈာပနာကို ထရမ့်နဲ့ နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ဖို့ စီစဉ်ထား

ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပန အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။

The Vatican

ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပန အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။

ဧပြီ ၂၁ ရက်နေ့တုန်းက သက်တော် ၈၈ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ရိုမန်ကက်သလစ် သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ရဲ့ ဈာပန အခမ်းအနားကို ဧပြီ ၂၆ ရက်နေ့ကျရင် ဗာတီကန်မှာရှိတဲ့ စိန့်ပီတာ ရင်ပြင်မှာ ကျင်းပသွားမှာပါ။

ပုပ်ရဟန်းမင်းကြီးရဲ့ နောက်ဆုံးခရီးကို ကြည်ညိုသူတွေ သိန်းနဲ့ချီပြီး လိုက်ပါပို့ဆောင်ကြမယ်လို့ ယုံကြည်ရပါတယ်။ ထရမ့်အပြင် ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ၊ ဗြိတိန် အိမ်ရှေ့စံမင်းသား ဝီလျံတို့လို အစိုးရ အကြီးအကဲတွေ၊ တော်ဝင်မိသားစုဝင်တွေဟာ ဈာပန အခမ်းအနားကို တက်ရောက်ကြမယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်မှာ ကက်သလစ် ဘာသာဝင် အများဆုံး နေထိုင်ရာ ဘရာဇီး နိုင်ငံရဲ့ သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားလည်း ပုပ်ရဟန်းမင်းရဲ့ ဈာပနကို သွားရောက်မယ်လို့ သိရပါတယ်။

လေဖြတ်ပြီး နှလုံးဖောက်မှုကြောင့် ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သွားတဲ့နောက် ကမ္ဘာတလွှားက ကက်သလစ် ဘာသာဝင် တချို့ဟာလည်း ပုပ်ဖရန်ဆစ်ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဖို့အတွက် ဗာတီကန်ကို စုဝေး ရောက်ရှိလာကြပါတယ်။

Public Service Announcement

Public Service Announcement

ပုပ်ရဟန်းမင်းကြီးဟာ ၁၂ နှစ်ကြာ သီတင်းသုံး နေထိုင်ခဲ့ရာ အိမ်တော်မှာပဲ ကွယ်လွန်ခဲ့ပြီး ရုပ်ကလပ်ကိုတော့ ပုပ်ရဲ့ ကြိုတင် မှာကြားချက်အတိုင်း ရောမမြို့မှာရှိတဲ့ စိန့်မေရီမေဂျာ ဝတ်ကျောင်းတော်မှာ ဂူသွင်းသင်္ဂြိုဟ်မယ်လို့ ဗာတီကန် နန်းတော်က ကြေညာထားပါတယ်။ ကွယ်လွန်တဲ့ ညနေပိုင်းမှာ အိမ်တော်ကို ပိတ်ထားလိုက်ပြီး ရုပ်ကလပ်ကို ဆန်တာမာတာ ဓမ္မာရုံကြီးဆီ ရွှေ့ပြောင်းခဲ့တယ်လို့ ဗာတီကန်က ထုတ်ပြန်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ပြီးနောက် ၉ ရက်ကြာ ဝမ်းနည်းကြေကွဲမှု ကာလကို သတ်မှတ် ကြေညာထားပြီး ကမ္ဘာအနှံ့က ကက်သလစ် သာသနာပိုင်တွေ၊ ကာဒီနယ်လ် ရဟန်းအမတ်တွေ၊ အထင်ကရ ဘုန်းတော်ကြီးတွေ၊ သင်းအုပ်ဆရာတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဗာတီကန် နန်းတော်ကတော့ ဈာပန အခမ်းအနားမှာ လူပေါင်း ၂၅၀၀၀၀ လောက်ထိ စုဝေး ရောက်ရှိနေလိမ့်မယ်လို့ ခန့်မှန်းထားပြီး နိုင်ငံခေါင်းဆောင်တွေ၊ တော်ဝင်မိသားစုတွေထဲမှာ စပိန်ဘုရင် ဆဋ္ဌမ ဖိလစ်နဲ့ မိဖုရား လက်တီဇီရာ၊ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်၊ ပိုလန် သမ္မတ အန်ဒါဇက်ဂျ် ဒူဒါ၊ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လီယန်၊ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး၊ ပုပ်ရဟန်းမင်းကြီးရဲ့ ဇာတိနိုင်ငံဖြစ်တဲ့ အာဂျင်တီးနားရဲ့ သမ္မတ ဟာဗီးယားမီလီ၊ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယို မယ်လိုနီတို့လည်း တက်ရောက်မယ့်သူတွေအဖြစ် စာရင်းပေးထားပါတယ်။

အစဉ်အလာအရ ပုပ်ရဟန်းမင်းတွေ ကွယ်လွန်တဲ့ အခါမှာ ကြွင်းကျန် ရုပ်ကလပ်ကို ခေါင်းတလား သုံးဆင့်ထဲ ထည့်သွင်းပြီး ဗာတီကန်ရဲ့ နှလုံးသည်းပွတ်လို့ တင်စားနိုင်တဲ့ စိန့်ပီတာ ဝတ်ကျောင်းကြီးထဲက စကျင်ကျောက်သား ဂူသင်္ချိုင်းကြီးထဲမှာ မြှုပ်နှံလေ့ ရှိပါတယ်။ ဒါပေမဲ့ ပုပ်ဖရန်ဆစ်ရဲ့ ဆန္ဒပြမှုအရ ခေါင်းတစ်လား တစ်ခုထဲမှာပဲ ရုပ်ကလပ်ကို ထည့်သွင်းပြီး စိန့်မေရီ မေဂျာ ဝတ်ကျောင်းတော်မှာ မြှုပ်နှံမှာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပုပ်ရဟန်းမင်း တစ်ပါးကို စိန့်ပီတာ ပြင်ပမှာ မြှုပ်နှံမှု ဖြစ်လာမှာပါ။

ပုပ်ရဟန်းမင်းကြီးဟာ သူ့ရဲ့ ဈာပနမှာ အစဉ်အလာအရ တခမ်းတနား လုပ်ဆောင်တာမျိုးတွေကို အတတ်နိုင်ဆုံး လျှော့ချပေးဖို့ ကြိုတင် မေတ္တာရပ်ခံထားခဲ့ဖူးပြီး ဂူသင်္ချိုင်းမှာလည်း သူ့နာမည်ကိုပဲ ရိုးရိုးရှင်းရှင်း ရေးထိုးပေးဖို့ မှာကြားထားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီအာရေးဘီးယားကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို လျှော့ချဖို့ ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ခြင်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အသစ်ကနေ ပြန်စလိုက်နိုင်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ ဇိမ်ခံ အသုံးအဆောင်တွေနဲ့ အဆင့်မြှင့်ထားတဲ့ jumbo jet လေယာဉ်တစ်စီး ကာတာဆီကနေ လက်ခံရယူဖို့ အိမ်ဖြူတော်က ဆွေးနွေးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီး အသစ်ရဲ့ ပထမဆုံးသော တနင်္ဂနွေ ဝတ်ပြု မိန့်ခွန်းထဲမှာ ကမ္ဘာတလွှားက စစ်ပွဲတွေ ရပ်တန့်ဖို့ တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

Facebook