Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က ဂျူးပြတိုက် တစ်ခုနားမှာ အစ္စရေးသံရုံး ဝန်ထမ်းနှစ်ဦး ပစ်သတ်ခံရ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ အစ္စရေး သံရုံး ဝန်ထမ်းနှစ်ဦး ပစ်သတ် ခံခဲ့ရကြောင်း သိရပါတယ်။

The New York Times

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ အစ္စရေး သံရုံး ဝန်ထမ်းနှစ်ဦး ပစ်သတ် ခံခဲ့ရကြောင်း သိရပါတယ်။

မေလ ၂၁ ရက်နေ့တုန်းက မြို့လယ်မှာရှိတဲ့ ဂျူးပြတိုက် တစ်ခုရဲ့ အပြင်ဖက်မှာ သံရုံးဝန်ထမ်းတွေ ပစ်သတ် ခံခဲ့ရတာပါ။ သေနတ်သမားဟာ သူတို့ကို ပစ်ခတ်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်း လွတ်မြောက်ရေးအတွက်ဆိုပြီး ကြွေးကြော်နေခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက်ငယ်ငယ် စုံတွဲတစ်တွဲဖြစ်ပြီး Capital Jewish ပြတိုက်ကနေ အထွက်မှာ ပစ်ခတ်လုပ်ကြံ ခံခဲ့ရတာပါ။ ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့က အခုပစ်ခတ်မှုဟာ ကြိုတင်ကြံစည်ထားတဲ့ တိုက်ခိုက်မှု တစ်ခုလို့ ယူဆထားပါတယ်။

သေနတ်သမားဟာ လူငယ်စုံတွဲကို ပစ်ခတ်ခဲ့ပြီးတဲ့နောက် ပြတိုက်ထဲဝင်ဖို့ ကြိုးစားခဲ့ပေမယ့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်း တားဆီးပြီး လက်ရ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ သံသယ တရားခံဟာ ချီကာဂိုမှာ နေထိုင်သူ အသက် ၃၀ အရွယ် အီလီရက်စ် ရိုဒရီဂတ်ဇ် ဆိုသူဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ လူ ၄ ယောက်ပါတဲ့ အဖွဲ့တစ်ခုကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ စုံတွဲဟာ မကြာခင် စေ့စပ်ဖို့ ပြင်ဆင်နေသူတွေလို့ အမေရိကန် နိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး ယီချေးလ် လိုင်တာက ပြောပါတယ်။ သေဆုံးသူ နှစ်ဦးရဲ့ နာမည်တွေကိုတော့ သံရုံးက မထုတ်ပြန်သေးပါဘူး။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီးက ဒီကိစ္စဟာ ဂျူးမုန်းတီးရေးဝါဒ အခြေခံတဲ့ အကြမ်းဖက်မှု တစ်ခုအဖြစ် စွပ်စွဲ ပြောကြားသွားပါတယ်။ သံတမန်ရေး ဝန်ထမ်းတွေနဲ့ ဂျူးအသိုက်အဝန်းကို ပစ်မှတ်ထားခြင်းဟာ သည်းခံလို့ မရတဲ့ စည်းတစ်ခုကို ကျော်လိုက်တဲ့ လုပ်ရပ်မျိုးလို့လည်း အစ္စရေးက ပြောပါတယ်။

အခုတိုက်ခိုက်မှုအပြီး အခင်းဖြစ်ရာ နေရာတဝိုက်ကို ရဲတွေက ပိတ်ထားလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အစ္စရေး သံရုံးက ဝန်ထမ်းနှစ်ဦးဟာ ပြတိုက်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနား တစ်ခုကနေ အပြန်မှာ အနီးကပ်တေ့ပြီး ပစ်ခတ်တာ ခံခဲ့ရကြောင်း ကြေညာပါတယ်။ အဲဒီ အခမ်းအနားမှာ အစ္စရေး သံအမတ်ကြီးတော့ ရှိမနေခဲ့ပါဘူး။

အမေရိကန် အစိုးရရဲ့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနက ဝါရှင်တန်ဒီစီမှာရှိတဲ့ ဂျူးပြတိုက် တစ်ခုနားမှာ အစ္စရေး သံတမန် ဝန်ထမ်းနှစ်ဦး အကြောင်းမဲ့ သတ်ဖြတ် ခံခဲ့ရတဲ့အပေါ် စုံစမ်း စစ်ဆေးနေကြောင်း၊ ကွယ်လွန်သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ဝါရှင်တန်ဒီစီက လူသတ်မှုဟာ ဂျူးဆန့်ကျင်ရေး ဝါဒကို အခြေခံတဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုမျိုးလို့ သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်ဒေသက စစ်ပွဲကို အကြောင်းပြုပြီး ဂျူးမုန်းတီးရေး အတွေးအမြင်တွေ မြင့်တက်လာတာကြောင့် Capital Jewish ပြတိုက်ဟာလည်း အမေရိကန်မှာရှိတဲ့ တခြားသော ဂျူးအဆောက်အအုံတွေနည်းတူ လုံခြုံရေးအရ ပိုပြီး စိုးရိမ်ရတဲ့ အခြေအနေတွေကို ကြုံနေရပါတယ်။ အဲဒီပြတိုက်ဟာ မကြာသေးခင်ကမှ LGBTဆိုင်ရာ ပြပွဲတစ်ခုကြောင့် လုံခြုံရေး အစီအမံတွေ ပိုမို တိုးမြှင့်ထားခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။