Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ်ဖို့ ဝင်ညှိပေးနေတယ် ဆိုတာကို ထရမ့်ငြင်း၊ ခြွင်းချက်မရှိ အရှုံးပေးဖို့ အီရန်ကို သတိပေး

အစ္စရေးနဲ့ အီရန်ကြားမှာ အပစ်အခတ် ရပ်စဲရေး ကြားဝင် ညှိနှိုင်းပေးဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ ထင်ကြေးတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုခဲ့ပါတယ်။

AP

အစ္စရေးနဲ့ အီရန်ကြားမှာ အပစ်အခတ် ရပ်စဲရေး ကြားဝင် ညှိနှိုင်းပေးဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ ထင်ကြေးတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုခဲ့ပါတယ်။

ထရမ့်ဟာ ကနေဒါ နိုင်ငံမှာ ကျင်းပခဲ့တဲ့ G7 ထိပ်သီးညီလာခံကနေ တစ်ရက်စောပြီး ဝါရှင်တန် ဒီစီကို ပြန်သွားခဲ့တဲ့ နောက်မှာတော့ အစ္စရေးနဲ့ အီရန်ကြားက ပဋိပက္ခကို ကူညီဖြေရှင်းဖို့ အာရုံစိုက် လုပ်ဆောင်နေတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေ ထွက်ပေါ်လာပါတယ်။ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ထရမ့်ဟာ အပစ်ရပ် သဘောတူညီမှု တစ်ခုအတွက် အာရုံစိုက်နေတာ ဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဇွန်လ ၁၇ ရက်နေ့ ညပိုင်းမှာတော့ ထရမ့်က အဲဒီ ထင်ကြေးတွေကို အတိအလင်း ပယ်ချသွားခဲ့ပါတယ်။

G7 ညီလာခံကနေ သူစောစော ပြန်လာတာကို မာခရွန်က အီရန်နဲ့ အစ္စရေးကြား အပစ်အခတ် ရပ်စဲရေး ကိစ္စအတွက်လို့ ထင်သွားခဲ့ဟန် ရှိကြောင်း၊ အဲဒါ မဟုတ်ကြောင်း၊ သူဘာကြောင့် ဝါရှင်တန်ကို ပြန်သွားလဲဆိုတာ မာခရွန်က မသိပေမယ့် အပစ်ရပ် ကိစ္စကြောင့် မဟုတ်ဘူး ဆိုတာကိုတော့ ထုတ်ပြောနိုင်ကြောင်း၊ အဲဒီထက် အများကြီး သက်ရောက်မှုကြီးမယ့် ကိစ္စတစ်ခုအတွက်ဖြစ်ကြောင်း ထရမ့်က သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီ ဘယ်မှာ ပုန်းအောင်းနေသလဲ ဆိုတာကို တိတိကျကျ သိထားကြောင်းလည်း ဆိုပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ခါမေနီက လုံခြုံနေဦးမှာဖြစ်ကြောင်း၊ ဒါပေမဲ့ အမေရိကန်ရဲ့ စိတ်ရှည်မှုကတော့ တဖြည်းဖြည်း ပါးလျလာနေကြောင်းလည်း ထရမ့်က ဆိုပါတယ်။

အီရန်ရဲ့ အဓိပတိဆိုတဲ့လူ ဘယ်မှာ ပုန်းနေသလဲ ဆိုတာကို တိတိကျကျ သိကြောင်း၊ လောလောဆယ်တော့ သူ့ကို ရှင်းလင်းဖို့ အစီအစဉ် မရှိသေးပေမယ့် စိတ်ရှည်မှုတွေက လျော့ပါးလာနေကြောင်း ထရမ့်က Truthမှာ သတိပေးထားပါတယ်။ အဲဒီပို့စ်အပြီး ၃ မိနစ် အကြာမှာတော့ အီရန်ဟာ ခြွင်းချက်မရှိ လက်လျှော့ အရှုံးပေးဖို့ လိုတယ်လို့လည်း သူက ထပ်ပြီး ရေးသားခဲ့ပါတယ်။

ဇွန်လ ၁၇ ရက်နေ့မှာတော့ လက်ရှိ အီရန်-အစ္စရေး ပဋိပက္ခနဲ့ ပတ်သက်လို့ ထရမ့်ဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။

အစ္စရေးနဲ့ အီရန်တို့ကြား အပြန်အလှန် လေကြောင်းကနေ တိုက်ခိုက်နေခဲ့ကြတာ အခုဆိုရင် ၆ ရက်မြောက် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ အဲဒီ အတောအတွင်း အီစ္စရေးဟာ ခါမေနီရဲ့ အနီးကပ် အားအထားရဆုံး အကြံပေးတွေ၊ လက်ရုံးတွေနဲ့ ထိပ်တန်း စစ်ဦးစီးတွေကို သုတ်သင်နိုင်ခဲ့ပြီး အီရန် အစိုးရ အဓိပတိရဲ့ အင်အားကို သိသိသာသာ ဆုတ်ယုတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း စစ်ရေး အကဲခတ်တွေက ပြောပါတယ်။

ဇွန်လ ၁၇ ရက်နေ့မှာတော့ အစ္စရေးဟာ အီရန်ရဲ့ စစ်ကာလ စစ်ဦးစီး အရာရှိ အလီ ရှက်ဒ်မာနီကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ သူဟာ အဲဒီမတိုင်ခင် ၄ ရက်၊ အစ္စရေးရဲ့ စစ်ဆင်ရေး စတဲ့နေ့မှာ လုပ်ကြံခံခဲ့ရတဲ့ ဂိုလာမာလီ ရာရှစ်ဒ်ရဲ့ စစ်ဦးစီး ရာထူးကို ဆက်ခံထားခဲ့တာပါ။

လတ်တလောမှာတော့ အီရန်ဟာ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး ကာလနောက်ပိုင်း နိုင်ငံရဲ့ အဆိုးရွားဆုံး ဆိုက်ဘာလုံခြုံရေးစနစ် ကျိုးပေါက်မှုတွေနဲ့လည်း ရင်ဆိုင်နေရပြီး အဲဒီအတွက် အရာရှိတွေကို မိုဘိုင်းဖုန်းတွေနဲ့ တခြား ဒစ်ဂျစ်တယ် ဆက်သွယ်ရေး စနစ်တွေ အသုံးပြုမှုကနေ တားဆီး ပိတ်ပင်ထားရကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။