Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခမာနီတွေရဲ့ လူသတ်ကွင်း နေရာတွေကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းမှာ ထည့်သွင်း

ခမာနီ ပြောက်ကျားတွေ လက်ထက်တုန်းက ကမ္ဘောဒီးယားမှာ လူပေါင်းများစွာကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့၊ အစုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ နေရာတွေကို ကုသသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။

AP

ခမာနီ ပြောက်ကျားတွေ လက်ထက်တုန်းက ကမ္ဘောဒီးယားမှာ လူပေါင်းများစွာကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့၊ အစုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ နေရာတွေကို ကုသသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့က ယူနက်စကိုရဲ့ ၄၇ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပခဲ့ရာမှာ အဲဒီနေရာ ၃ ခုကို စာရင်းသွင်း အသိအမှတ်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ခမာတွေရဲ့ လူသတ်ကွင်း နေရာတွေကို ယူနက်စကိုရဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲ ထည့်သွင်းမှုဟာ ကမ္ဘောဒီးယားမှာ ခမာနီ ကွန်မြူနစ်အစိုးရ အာဏာရလာခဲ့တဲ့ နှစ်ပေါင်း ၅၀ ပြည့် ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ၁၉၇၅ ကနေ ၁၉၇၉ ခုနှစ်ထိ ၄ နှစ်သာကြာအောင် အုပ်စိုးခွင့် ရခဲ့ပေမယ့် ခမာနီတွေရဲ့ လက်အောက်မှာ အသတ်ခံရ၊ အပြင်းအထန် ညှင်းပန်းနှိပ်စက်ခံရ၊ အငတ်ဘေး ကြုံရလို့ စုစုပေါင်း လူဦးရေ ၁.၇ သန်းလောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် ရွေးချယ်ရေး တာဝန်ရှိသူတွေက ခမာနီတွေရဲ့ လူသတ်ကွင်းတွေဟာ လူ့သမိုင်းကြောင်းကို ထိန်းသိမ်း ဖော်ပြရာမှာ အရေးကြီးတဲ့ နေရာတွေလို့ ယူဆခဲ့ပါတယ်။ အဲဒီနေရာတွေဟာ အကျဉ်းထောင် နှစ်ခုနဲ့ ဟောလိဝုဒ် ရုပ်ရှင်တစ်ခုမှာ ပြသခဲ့ဖူးတဲ့ သီးသန့်လူသတ်ကွင်း နေရာတွေ ဖြစ်ကြပါတယ်။

Public Service Announcement

Public Service Announcement

ဖနွမ်ပင် မြို့တော်မှာရှိတဲ့ တူဝိုလ်ဆလန်း လူမျိုးသုဉ်း သတ်ဖြတ်မှု ပြတိုက်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ထားရာ အဆောက်အအုံဟာ အရင်က အထက်တန်းကျောင်းတစ်ခု ဖြစ်ခဲ့ပေမယ့် ခမာနီတွေက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်ကြီး တစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး S-21ဆိုတဲ့ နာမည်နဲ့ ပိုပြီး လူသိများလာခဲ့ပါတယ်။ S-21မှာ လူ ၁၅၀၀၀ လောက်ကို ချုပ်နှောင်ထားခဲ့ပြီး ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ပါတယ်။

M-13လို့ခေါ်တဲ့ နောက်ထပ် အကျဉ်းထောင် တစ်ခုကတော့ ကမ္ဘောဒီးယား အလယ်ပိုင်း၊ ကမ်ပွန်ချနန်း ပြည်နယ်ထဲက ကျေးလက်ဧရိယာ တစ်ခုမှာ တည်ရှိနေပါတယ်။ အဲဒီနေရာကတော့ ခမာတွေ ကြီးစိုးနေတဲ့ အစောပိုင်း ကာလတွေမှာ အဓိက အကျဉ်းထောင်တစ်ခု ဖြစ်ခဲ့ပါတယ်။

ချွမ်အက်ခ်ဆိုတဲ့ နေရာကတော့ ဖနွမ်ပင်တောင်ဖက် ၁၀ မိုင်လောက် အကွာမှာ တည်ရှိပြီး လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့၊ အလောင်းတွေ တပြုံတမကြီး မြှုပ်နှံထားတဲ့ လူသတ်ကွင်းနဲ့ သင်္ချိုင်းမြေ ဖြစ်ခဲ့ပါတယ်။ အဲဒီနေရာမှာ ကြုံတွေ့ခဲ့တဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အကြောင်းကို ၁၉၈၄ ခုနှစ်ထုတ် The Killing Fieldsဆိုတဲ့ ရုပ်ရှင်ထဲမှာ ပုံဖော် ပြသထားခဲ့ပါတယ်။

ခမာသူပုန်တွေဟာ ၁၉၇၅ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့မှာ ဖနွမ်ပင်မြို့ကို သိမ်းပိုက်လိုက်တဲ့နောက် ကွန်မြူနစ် အစိုးရအဖြစ် စတင် အုပ်စိုးခဲ့ပါတယ်။ နောက်တော့ တောရောမြို့ပါမကျန် ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကို အင်နဲ့အားနဲ့ ကျူးလွန်ခဲ့ပါတယ်။ ခမာနီ ကြီးစိုးမှုဟာ ၁၉၇၉ ခုနှစ်မှာ အိမ်နီးချင်း ဗီယက်နမ် နိုင်ငံရဲ့ စစ်တပ်က ကမ္ဘောဒီးယားကို ဝင်ရောက်တိုက်ခိုက်ပြီး ခမာနီအင်အားစုတွေကို အပြီးတိုင် ဖြိုချလိုက်ချိန်မှသာ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာတော့ ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပြုထားပြီး ခမာနီ ခုံရုံးလို့ လူသိများတဲ့ တရားစီရင် စစ်ဆေးမှုကို အဆုံးသတ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ တရားစီရင် စစ်ဆေးမှုတွေဟာ ၁၆ နှစ်ကျော် ကြာမြင့်ခဲ့ပြီး ဒေါ်လာ ၃၃၇ သန်းလောက်ထိ ကုန်ကျခဲ့ပေမယ့် လူ ၃ ယောက်ကိုသာ ပြစ်ဒဏ်စီရင် ချမှတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဆောင်းပါး

ကမ္ဘောဒီးယား၏ တိတ်တဆိတ်ကြီးထွားလာနေသော တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်