အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ ဇနီးဖြစ်သူ ဟီလာရီ ကလင်တန်တို့ဟာ လိင်ကုန်ကူးမှု တရားခံ ဂျက်ဖရေး အပ်စတိန်းရဲ့ အမှုနဲ့ ဆက်စပ်ပြီး ကြားနာမှုတွေအတွက် တရားရေး ကော်မတီ တစ်ခုဆီ ဆင့်ခေါ်တာ ခံထားရပါတယ်။
လွှတ်တော်ရဲ့ အောက်လွှတ်တော် ကြီးမှူးရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ရီပတ်ဘလီကန် ပါတီဝင် ဂျိမ်းစ်ကွမ်မာက ကလင်တန် ဇနီးမောင်နှံနဲ့ နောက်ထပ် လူပုဂ္ဂိုလ် ၈ ဦးတို့ကို လာရောက် ထွက်ချက်ပေးဖို့ အကြောင်းကြားစာတွေ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အပ်စတိန်းဟာ အသက်မပြည့်သေးသူတွေအပေါ် လိင်အမြတ်ထုတ် လူမှောင်ခိုကူးတဲ့ စွပ်စွဲချက်နဲ့ တရားရင်ဆိုင် နေရချိန် ၂၀၁၉ ခုနှစ်တုန်းက အချုပ်ခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ သူ့ကို စစ်ဆေး မေးမြန်းခဲ့တဲ့ တရားရေး မှတ်တမ်းတွေကို အပြည့်အစုံ ထုတ်ပြန်ခြင်း မရှိခဲ့သလို ထွက်ချက်တွေထဲမှာ လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် ထင်ရှားတဲ့ လူပုဂ္ဂိုလ် တချို့နဲ့ ပတ်သက်တာတွေ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။
ထရမ့်ကတော့ သူနဲ့ အပ်စတိန်းကြားက ပတ်သက်မှုတွေကို ခပ်ကင်းကင်း ထားရှိဖို့ ကြိုးစားနေသလို အပ်စတိန်းရဲ့ အမှုတွဲ ထွက်ချက်တွေထဲမှာ ထရမ့်နာမည် ပါဝင်နေတယ် ဆိုတာကိုလည်း အိမ်ဖြူတော်က ငြင်းဆိုထားပါတယ်။ မကြာသေးခင်ကတော့ သတင်းရင်းမြစ် တချို့က Bloomberg သတင်းဌာနနဲ့ အင်တာဗျူးမှာ အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဌာန (FBI)ဟာ အပ်စတိန်းဖိုင်တွေလို့ လူသိများတဲ့ ထွက်ချက်ဖိုင်တွေကို သေချာ ပြန်လည် စစ်ဆေးပြီး စိစစ်တည်းဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

Public Service Announcement
ထရမ့်ရဲ့ အစိုးရက အပ်စတိန်းဖိုင်တွေနဲ့ ပတ်သက်လို့ နောက်ထပ် မှတ်တမ်းမှတ်ရာ အသစ်တွေကို မထုတ်ပြန်ဖို့ စီစဉ်ထားပေမယ့် ကော်မတီကတော့ အပ်စတိန်းရဲ့ သမိုင်းကြောင်း အချက်အလက် အသစ်တွေကို ရှာဖွေဖို့ ကြိုးစားနေပါတယ်။
ကလင်တန် ဇနီးမောင်နှံနဲ့ တခြားလူပုဂ္ဂိုလ်တွေကို စုံစမ်းမေးမြန်းဖို့ ဆင့်ခေါ်တဲ့ ကော်မတီ ဆုံးဖြတ်ချက်ကို ထရမ့် ထောက်ခံသူတွေက ဒေါသထွက်နေပါတယ်။ အဲဒီ ကော်မတီဟာ ဒီမိုကရက်ရော၊ ရီပတ်ဘလစ်ကန် ပါတီပါ ပူးပေါင်းပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
အပ်စတိန်းရဲ့ ကြံရာပါနဲ့ ပါတနာဟောင်း ဂျီဆလိန်း မက်စ်ဝဲလ်ရဲ့ ရှေ့နေကတော့ သူ့ရဲ့ အမှုသည် အမျိုးသမီးဟာ ကော်မတီ ရှေ့မှောက်မှာ ထွက်ချက်ပေးဖို့ ဆန္ဒရှိပေမယ့် တိကျခိုင်မာတဲ့ ဥပဒေရေးရာ အကာအကွယ်တွေလို့ လိုအပ်ကြောင်း ပြောကြားထားပါတယ်။ မက်စ်ဝဲလ်ဟာ လူမှောင်ခိုမှု စွပ်စွဲချက်တွေအတွက် ထောင်ဒဏ် နှစ် ၂၀ ကျခံထားရပြီး မူလက ဩဂုတ် ၁၁ ရက်ကျရင် နယ်နှင်ဒဏ် သတ်မှတ်ထားပေမယ့် အခုတော့ အဲဒီ ပြစ်ဒဏ်ကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားပါတယ်။
သမ္မတဟောင်း ကလင်တန်ဟာ အပ်စတိန်းဖိုင်တွေထဲမှာ နာမည်ပါဝင်နေတယ်လို့ စွပ်စွဲခံနေရသူတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ အပ်စတိန်းဟာ အမေရိကန်ရဲ့ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေနဲ့လည်း နီးစပ်မှု ရှိခဲ့ပြီး ၂၀၀၂ နဲ့ ၂၀၀၃ ခုနှစ်တွေတုန်းက ကလင်တန်ဟာ အပ်စတိန်းရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်ကို လေးခါ စီးနင်းခဲ့ဖူးသလို နယူးယောက်မှာရှိတဲ့ အပ်စတိန်းရဲ့ တိုက်ခန်းကိုလည်း သွားလည်ပတ်ခဲ့ဖူးကြောင်း စစ်ဆေး တွေ့ရှိထားပါတယ်။
နောက်ပြီး အမေရိကန် မီဒီယာတွေက ကလင်တန်ဟာ အပ်စတိန်းရဲ့ လေယာဉ်ကို စုစုပေါင်း ၂၆ ကြိမ်ထက်မနည်း လိုက်ပါ စီးနင်းခဲ့ဖူးပြီး တချို့အခေါက်တွေမှာဆိုရင် သူ့ရဲ့ ကိုယ်ရံတော် သက်တော်စောင့်တွေကိုတောင် ခေါ်မသွားခဲ့ဘူးလို့ ဖော်ပြထားကြပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ ကလင်တန်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ကလင်တန်ဟာ အပ်စတိန်းဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာ ကတည်းက ဖလော်ရီဒါမှာ ဆိုးရွားတဲ့ ရာဇဝတ်မှု တစ်ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ဖူးတယ် ဆိုတာကိုရော၊ နယူးယောက်မှာ စွဲချက်အသစ်တွေ ရင်ဆိုင်ရတယ် ဆိုတာကိုရော သိမထားခဲ့ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။ တရားရေး ဝန်ကြီးဌာနကတော့ အဲဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ကလင်တန်ဟာ ၁၉၉၃ ကနေ ၂၀၀၁ ခုနှစ်ထိ အမေရိကန် သမ္မတ တာဝန်ကို ရယူခဲ့ဖူးပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူ ဟီလာရီကတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့ဖူးသလို ၂၀၁၆ ရွေးကောက်ပွဲတုန်းက ထရမ့်နဲ့ ယှဉ်ပြိုင်ပြီး အရေးနိမ့်ခဲ့ပါတယ်။
ကော်မတီရဲ့ ဆင့်ခေါ်မှုနဲ့ ပတ်သက်ပြီး ကလင်တန် ဇနီးမောင်နှံက ထွက်ဆိုချက် ပေးဖို့ သဘောတူမလား၊ ဒါမှမဟုတ် လူအများရှေ့မှာ ထွက်ဆိုမလား ဆိုတာတွေကိုတော့ မသိရသေးပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော် ကာလအတွင်း လွှတ်တော် ကော်မတီတွေရဲ့ ဆင့်ခေါ်မှုကို ခံခဲ့ရတဲ့ အမေရိကန် သမ္မတဟောင်း ၄ ဦးသာ ရှိခဲ့ပြီး ၂ ဦးသာ ထွက်ချက်ပေးခဲ့ပါတယ်။
ထင်ရှားတဲ့ သာဓက တစ်ခုကတော့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေက စီးနင်းခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းမှုတွေအတွက် အဲဒီတုန်းက သမ္မတဟောင်း ဖြစ်နေတဲ့ ထရမ့်ကို လွှတ်တော် ကော်မတီက ဆင့်ခေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ အဲဒီ ဆင့်ခေါ်မှုကို ရပ်တန့်ဖို့ တရားရေးအရ တုံ့ပြန်ခဲ့ပါတယ်။ နောက်တော့ ကော်မတီကို ပယ်ဖျက်လိုက်ချိန်မှာ ဆင့်ခေါ်အမိန့်လည်း အဆုံးသတ်သွားခဲ့ပါတယ်။
ကိုးကား: BBC


















































