Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းတောင်ပိုင်းမှာ ATM စက်တွေကို ဗုံးခွဲမှုက အကြမ်းဖက်မှုထက် လုယက်မှု ဖြစ်နိုင်တယ်လို့ ရဲတွေယူဆ

ထိုင်းနိုင်ငံ တောင်ပိုင်းက ငွေထုတ်စက် (ATM)တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းက အကြမ်းဖက် တိုက်ခိုက်ဖို့ ဆိုတာထက် ဖောက်ထွင်းလုယက်မှုသာ ဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Bangkok Post

ထိုင်းနိုင်ငံ တောင်ပိုင်းက ငွေထုတ်စက် (ATM)တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းက အကြမ်းဖက် တိုက်ခိုက်ဖို့ ဆိုတာထက် ဖောက်ထွင်းလုယက်မှုသာ ဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဩဂုတ် ၃၁ ရက် ညပိုင်းက ထိုင်းတောင်ပိုင်း ပြည်နယ်သုံးခုဖြစ်တဲ့ နာရာသီဝတ်၊ ပတ္တနီနဲ့ ယာလာတို့မှာ ATMစက် ၇ လုံးထက်မနည်း ဗုံးခွဲတာ ခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံ တောင်ဖက်စွန်း ဒေသတွေမှာ အစွန်းရောက် ခွဲထွက်ရေး လက်နက်ကိုင် အင်အားစုတွေ လှုပ်ရှားနေပြီး အရင်ကလည်း အကြမ်းဖက် ဗုံးခွဲမှု ဖြစ်စဉ်တွေ ကြုံခဲ့ဖူးပါတယ်။

ဒါပေမဲ့ ATMစက်တွေကို ဗုံးခွဲတာကတော့ အစွန်းရောက် နိုင်ငံရေး ဝါဒကြောင့် မဟုတ်ဘဲ စက်တွေထဲက ငွေတွေကို ရယူဖို့ မသမာသူတွေက ကျူးလွန်ခဲ့တာသာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။

အသေးစိတ် စစ်ဆေးကြည့်တဲ့အခါ ဗုံးတွေက ATMတွေရဲ့ ငွေသေတ္တာတွေ အပြင်လွှာကိုပဲ ထိခိုက်ပျက်စီးအောင် သေသေချာချာ စီမံထားတယ်ဆိုတာ တွေ့ရကြောင်း၊ ဗုံးကွဲပြီးတာနဲ့ အသင့်စောင့်နေတဲ့ ကျူးလွန်သူတွေက ငွေတွေကို မြန်မြန် ထုတ်ယူပြီး ထွက်ပြေးဖို့ စီစဉ်ထားခဲ့ကြောင်း၊ ATM တချို့ထဲက ငွေကြေးတွေကတော့ ဆုံးရှုံးခဲ့ရကြောင်း ထိုင်းတောင်ပိုင်းဒေသ ရဲတပ်ဖွဲ့ရဲ့ စုံထောက်အရာရှိချုပ် ရဲမှူးချုပ် ချမ်ပိုလ် ဆက်ဆူရီမွန်ကိုက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးတွေကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့တယ် ဆိုတာကိုလည်း အတည်ပြု တွေ့ရှိထားပါတယ်။ စုံထောက်တွေကတော့ အခုအခါမှာ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ အပူတပြင်း ကြိုးစားနေပါတယ်။

ATM စက်တွေဟာ ဩဂုတ် ၃၁ ရက်နေ့ ညကနေ စက်တင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်း မိုးမသောက်ခင်ထိ နေရာတွေခြားပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ အကြမ်းဖက် တိုက်ခိုက်မှု မဟုတ်ပေမယ့်လည်း ကျူးလွန်သူတွေဟာ ငွေကြေးတွေ လုယက်ရယူရင်း နယ်မြေဒေသ မတည်ငြိမ်အောင် လှုံ့ဆော်ဖို့လည်း ရည်ရွယ်ခဲ့ဟန်ရှိတယ်လို့ ချမ်ပိုလ်က မှတ်ချက်ပေးသွားပါတယ်။

အထူးသဖြင့် ဗုံးခွဲမှုတွေဟာ မလေးရှားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ရော၊ ပတ္တနီ လွတ်လပ်ရေး စည်းလုံးမှုတပ်ဦး ဆိုတဲ့ ဒေသခံ ခွဲထွက်ရေး ပြောက်ကျားအဖွဲ့ ထူထောင်တဲ့ နှစ်ပတ်လည် နေ့နဲ့ပါ တိုက်ဆိုင်နေကြောင်း လုံခြုံရေး သုတေသီတွေက ထောက်ပြကြပါတယ်။

ထိုင်းတောင်ပိုင်းမှာ ခွဲထွက်ရေး အဖွဲ့တွေဟာ ကာလအတန်ကြာ ငြိမ်သက်နေခဲ့ရာက ဩဂုတ် ၂၀ ရက်နေ့မှာတော့ နာရာသီဝတ်ပြည်နယ်ရဲ့ တက်ခ်ဘိုင် ခရိုင်ထဲမှာ ဒေသခံ စေတနာ့ဝန်ထမ်း လုံခြုံရေး ကင်းအဖွဲဲ့ တစ်ခုရဲ့ အခြေစိုက် စခန်းကို ပစ်မှတ်ထား ဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။