အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ဖို့ အသင့်ရှိနေပြီလို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားခဲ့ပါတယ်။
မလေးရှားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ညီလာခံကနေ ပြန်လာပြီးတဲ့နောက် မားကို့စ်က သူလက်လွှဲယူမယ့် အာဆီယံ ဥက္ကဋ္ဌ တာဝန်နဲ့ ပတ်သက်လို့ ရည်မှန်းထားတာတွေ အကြောင်းကို ကြေညာခဲ့ပါတယ်။
သူ့ရဲ့ နိုင်ငံဟာ ‘ကိုယ်ပိုင် အနာဂတ်တွေအတွက် အတူပဲ့ကိုင်ကြမယ်’ဆိုတဲ့ ရည်မှန်းချက်အောက်မှာ အာဆီယံ ဒေသတွင်း အရေးကိစ္စတွေကို ဦးဆောင် ဖြေရှင်းဖို့၊ အစည်းအဝေးတွေ ကျင်းပဖို့ ရည်ရွယ်ထားတယ်လို့ မားကို့စ်က ညီလာခံ အတွေ့အကြုံတွေအကြောင်း ဝေမျှထားတဲ့ ဗီဒီယို messageထဲမှာ ပြောကြားထားခဲ့ပါတယ်။
အာဆီယံမှာ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို နိုင်ငံအသီးသီးရဲ့ နာမည် အင်္ဂလိပ် အက္ခရာစဉ်နဲ့ ရယူကြတာဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွက် ဥက္ကဋ္ဌက မြန်မာဖြစ်မှာပါ။ ဒါပေမဲ့ အာဏာသိမ်းပြီး နိုင်ငံကို မတရား အုပ်ချုပ်နေတဲ့ စစ်ကောင်စီကို အာဆီယံက ထိပ်သီး အစည်းအဝေးတွေတောင် တက်ခွင့်မပြုဘဲ ဖယ်ကြဉ်ထားတာကြောင့် ဥက္ကဋ္ဌရာထူး ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း ဖိလစ်ပိုင်က အလှည့်ကျော်ပြီး ၂၀၂၆ ခုနှစ်ရဲ့ ဥက္ကဋ္ဌ နေရာကို ယူခဲ့တာပါ။

Public Service Announcement
ဖိလစ်ပိုင်က အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမယ့် အချိန်ကျရင် သူအလေးပေးဖို့ ရည်ရွယ်ထားတာက ပိုမိုစုံလင်တဲ့ အစုအဖွဲ့တွေ စုပေါင်းပါဝင်ခွင့်ရရေး၊ ဒေသရဲ့ ရေရှည်တိုးတက်ရေးတွေ ဖြစ်တယ်လို့လည်း မားကို့စ်က ဆိုပါတယ်။
သူက လက်ရှိ အာဆီယံ ဥက္ကဋ္ဌ မလေးရှားရဲ့ အားထုတ်မှုတွေအပေါ် အခြေခံပြီး အာဆီယံကို ပိုမို ညီညွတ်တဲ့၊ အနာဂတ်ကို မျှော်မှန်းတဲ့ အင်အားစုတစ်ခု ဖြစ်လာအောင် ကြိုးစားသွားချင်တယ်လို့လည်း ပြောပါတယ်။
ကွာလာလမ်ပူမှာ ရှိခဲ့တုန်းက အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရင်း ဒေသရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ရေရှည် တိုးတက်မှုတွေကို ဘယ်လို အဓွန့်ရှည်အောင် ထိန်းသိမ်း ကိုင်တွယ်ကြမလဲ ဆိုတာကို ဆွေးနွေးခဲ့တယ်လို့ မားကို့စ်က မှတ်ချက်ပေးထားခဲ့ပါတယ်။
အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ ပထဝီဝင် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းနဲ့ အနောက်ဖိလစ်ပိုင် ပင်လယ်ပြင်က တင်းမာမှုတွေလိုမျိုး ဒေသတွင်း ပြဿနာတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သူက ပြောပြထားပါတယ်။
ဖိလစ်ပိုင်ဟာ အာဆီယံ ဒေသရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု စံတန်ဖိုးတွေကို အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ဝေမျှဖို့ အမြဲ ရည်ရွယ်ထားတယ်လို့လည်း မားကို့စ်က ဆိုပါတယ်။
အာဆီယံရဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှု အသိုက်အဝန်းကို တည်ဆောက်ချိန်မှာ စီးပွားရေး ဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်း လက်ဆင့်ကမ်း ဝေမျှနိုင်ဖို့ အရေးကြီးကြောင်း၊ အာဆီယံ ခေါင်းဆောင်တွေဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှု၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာလည်း အမြင်ဖလှယ် ဆွေးနွေးခဲ့ကြောင်း သူက ပြောကြားသွားပါတယ်။
ကိုးကား: Free Malaysia Today


















































