နိုင်ငံအနှံ့မှာ မိုးခေါ် ဆုတောင်းပွဲတွေ စုဝေး လုပ်ဆောင်ကြဖို့ ဆော်ဒီအာရေးဘီးယား ဘုရင်က ပြည်သူတွေကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
ဆော်ဒီဘာရင် ဆယ်လ်မန် ဘင် အက်ဘ်ဒူလ် အဇစ်က ရိုးရာယုံကြည်မှုနဲ့အညီ ပြုလုပ်တဲ့ မိုးခေါ် ဆုတောင်းပွဲတွေကို တစ်နိုင်ငံလုံးမှာ နိုဝင်ဘာ ၁၃ ရက်နေ့ကျရင် စုပေါင်း ပြုလုပ်ကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
အစ္စလာမ် ဘာသာရေးမှာတော့ ဆယ်လတ်အယ်လ် အစ္စတစ္စကာလို့ခေါ်တဲ့ မိုးခေါ်ဆုတောင်းမှု ထုံးတမ်းမျိုး ရှိပါတယ်။ အစ္စလာမ် ဘာသာဝင်တွေက ဘုရားသခင်ရဲ့ သနားကရုဏာအရ မိုးရွာသွန်းပေးဖို့ ယုံယုံကြည်ကြည် တောင်းဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။
ဆော်ဒီ အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတချို့မှာ ဆိုးဆိုးရွားရွား မိုးခေါင်မှုမျိုး ကြုံတွေ့နေတဲ့နောက် ဆော်ဒီဘုရင် ဆယ်လ်မန်က ကိုးကွယ်ယုံကြည်မှု ရှုထောင့်ကနေပါ ဒီပြဿနာအတွက် ဝိုင်းဝန်း အဖြေရှာစေဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့တာပါ။

Public Service Announcement
ဘုရားသခင်အပေါ် ယုံကြည်သက်ဝင်ကြောင်း စုပေါင်းပြသပြီး ဆုတောင်း အာရုံပြုကြခြင်းအားဖြင့် ဘုရားသခင်ဆီက ကရုဏာနဲ့ ကူညီဖေးမမှုတွေ ရရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း ဘုရင်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အိမ်နီးချင်း ကူဝိတ်နိုင်ငံမှာလည်း နိုဝင်ဘာ ၈ ရက်နေ့တုန်းက နိုင်ငံအနှံ့ ဗလီပေါင်း ၁၂၅ ခုထက်မနည်းမှာ ဝတ်ပြုသူတွေ စုဝေးပြီး မိုးခေါ် ဆုတောင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာလည်း အောက်တိုဘာ ၁၇ ရက်နေ့၊ ပုံမှန် သောကြာနေ့ ဝတ်ပြုမှုတွေ မတိုင်ခင်မှာ မိုးခေါ်ဆုတောင်းတာတွေ လုပ်ခဲ့ဖူးပါတယ်။ မိုးခေါ် ဆုတောင်းမှုတွေမှာ ပါဝင်ဖို့ ယူအေအီး သမ္မတ ရှိတ်ခ်မိုဟာမက် ဘင်ဇာယက်ဒ်က ပြည်သူတွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
အီရန်နိုင်ငံမှာလည်း ဆိုးရွားတဲ့ မိုးခေါင်မှုတွေကြောင့် မကြုံစဖူး ရေပြတ်တောက်မှုတွေနဲ့ပါ ရင်ဆိုင်နေရပြီး မြို့တော် တဟီရန်မှာလည်း ရေရှားပါးမှု ပြဿနာတွေနဲ့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။
ကိုးကား: Khaleej Times
















































