Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်မှာ လူနေ ဧရိယာထဲ ရွှံ့မီးတောင် ပေါက်ကွဲ

ထိုင်ဝမ်နိုင်ငံက လူနေဧရိယာထဲမှာ ရွှံ့မီးတောင်ငယ်တစ်ခု ထပေါက်ကွဲလို့ အထိတ်တလန့် ဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်မှာ နေထိုင်သူတချို့ကို ယာယီ ရွှေ့ပြောင်းစေခဲ့ရပါတယ်။

ထိုင်ဝမ်နိုင်ငံက လူနေဧရိယာထဲမှာ ရွှံ့မီးတောင်ငယ်တစ်ခု ထပေါက်ကွဲလို့ အထိတ်တလန့် ဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်မှာ နေထိုင်သူတချို့ကို ယာယီ ရွှေ့ပြောင်းစေခဲ့ရပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းကစလို့ ဝန်ဒန် မြို့နယ်၊ ဝမ်နိုင်း ကျေးရွာထဲက တာရိုးတစ်ခုနားက ချိုင့်ဝှမ်းနေရာမှာ ရွှံ့မီးတောင် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဟွမ်ယွမ် ဘုရားကျောင်း ရှေ့နားက မီးတောင်ငယ်ဟာ ၃ နာရီလောက်ကြာအောင် ပေါက်ကွဲပြီး ပတ်ဝန်းကျင်ကို ရွှံ့ရည်တွေနဲ့ ဖုံးလွှမ်းသွားစေခဲ့ပါတယ်။ ဒါ့အပြင် မီးတောင် ပေါက်ကွဲနေတဲ့ အချိန်အတွင်း ထိပ်ဝမှာ မီးလျှံတွေ ထိုးထွက်နေတာကိုလည်း မြင်ခဲ့ရပါတယ်။

မီးတောင် ပေါက်ကွဲမှုကြောင့် ဘုရားကျောင်းနဲ့ အနီးတဝိုက် နေအိမ်တချို့က ဒေသခံတွေကို ဘေးကင်းတာ သေချာစေတဲ့ထိ ခဏတာ ရွှေ့ပြောင်းစေခဲ့ရပါတယ်။ ဒါပေမဲ့ နာရီပိုင်းလောက်သာ ကြာပြီး ရွှံ့မီးတောင် လှုပ်ရှားမှုက ပြန်လည် ငြိမ်သက်သွားခဲ့ပါတယ်။ ကြီးကြီးမားမား မထိခိုက်ခဲ့ပေမယ့် နေအိမ်တချို့ရဲ့ ခြံဝင်းတွေထဲထိတော့ ရွှံ့ရည်တွေ စီးဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မီးတောင် ပေါက်ကွဲနေချိန်မှာ ရွှံ့ရည်တွေနဲ့ မီးတောက်တွေကို အမြင့် ၂ မီတာလောက်ထိ ပန်းထုတ်နေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဘုရားကျောင်းရဲ့ ကျောင်းထိုင်ကိုယ်တော် ချန်ပို့ဟိုင်က လွန်ခဲ့တဲ့ ၆ လလောက်တုန်းကလည်း အဲဒီရွှံ့မီးတောင်ဟာ တစ်ကြိမ် ပေါက်ကွဲခဲ့ဖူးတယ်လို့ မိန့်ပါတယ်။

Public Service Announcement

Public Service Announcement

ဝမ်နိုင်း ရွာသူကြီး ချန်ယုယီက မီးတောင်ကနေ ထွက်လာတဲ့ ရွှံ့ရည်ပူတွေကို အနီးတဝိုက် စိုက်ခင်းတွေထဲ ရောက်မသွားအောင် အရေးပေါ် မြောင်းတွေတူးပြီး လမ်းလွှဲပေးခဲ့တယ်လို့ ပြောပါတယ်။

မြေအောက်မှာ ဖိအားသိပ်သည်းဆများတဲ့ ဓာတ်ငွေ့ထုတွေ ကိန်းအောင်းနေတဲ့ နေရာတွေမှာ ရွှံ့မီးတောင်တွေ သဘာဝအတိုင်း ဖြစ်ပေါ်တတ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ မီသိန်းလို ဓာတ်ငွေ့တွေဟာ မြေအောက်ရေ၊ ရွှံ့ခဲတွေနဲ့ ပေါင်းစပ်ပြီး မြေမျက်နှာပြင် ပပ်ကြားအက်တွေဆီ တိုးထွက်လာတာမျိုးကနေ ရွှံ့မီးတောင်တွေ ဖြစ်ပေါ်လာတာပါ။

ရွှံ့မီးတောင်တွေရဲ့ အရွယ်အစားကလည်း အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အချင်း မီတာ နည်းနည်းကနေ ကီလိုမီတာတွေထိ ကျယ်ပြန့်တဲ့ ရွှံ့မီးတောင်တွေ ရှိသလို တချို့ကလည်း မီတာ ရာဂဏန်းလောက်ထိ မြင့်ပါတယ်။ ရွှံ့မီးတောင်တွေ ပေါက်ကွဲမှုကို ကြိုတင် ခန့်မှန်းဖို့တော့ ခက်ခဲတယ်လို့လည်း သိရပါတယ်။

ကိုးကား: Taiwan News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး တရုတ်ကို ရန်သွားမစဖို့ ဂျပန် ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဂျပန် အစိုးရက ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် ကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကို ရန်သွားမစဖို့ ဂျပန်ဝန်ကြီးချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အပိုဆောင်း ကာကွယ်ရေးဘတ်ဂျတ် ဒေါ်လာ ၄၀ ဘီလီယံဖိုးလောက်ထိ တိုးမြှင့်သုံးစွဲနိုင်ဖို့ ထိုင်ဝမ် အစိုးရက ကြိုးစားနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်နဲ့ သိပ်မဝေးတဲ့ ဂျပန်ပိုင် ကျွန်းတစ်ခုနားမှာ တရုတ်က စေလွှတ်တယ်လို့ ယုံကြည်ရတဲ့ ဒရုန်းတစ်စီးကို တွေ့ရှိခဲ့တာကြောင့် ဂျပန်က တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်စေခဲ့ရကြောင်း သိရပါတယ်။

Facebook