ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေးကို ထိန်းသိမ်းထားတာကြောင့် ပါရာဂွေးနဲ့ ဘီလစ်ဇီ နိုင်ငံတွေရဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေကို တရုတ်က ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ် ကြေညာခဲ့ပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့ တရုတ်ရဲ့ ထုတ်ပြန်ချက်အရ ပါရာဂွေးရဲ့ ဆက်သွယ်ရေး ဝန်ကြီး ဂူစတာဗို ဗီလက်တေးနဲ့ ဘီလစ်ဇီ နိုင်ငံခြားရေး ဝန်ကြီး ဖရန်ဆစ် ဖွန်ဆက်စ်ကာတို့ဟာ တရုတ် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။
အဲဒီ ပိတ်ဆို့မှု သတ်မှတ်ချက်အရ ဗီလက်တေးနဲ့ ဖွန်ဆက်စ်ကာတို့ဟာ တရုတ်ကို ပြည်ဝင်ခွင့် တားမြစ် ပိတ်ပင်ခံရမှာ ဖြစ်သလို တရုတ် ကုမ္ပဏီတွေကလည်း သူတို့နဲ့ တွဲဖက်ပြီး စီးပွားရေး လုပ်ခွင့် မရှိပါဘူး။ နောက်ပြီး တရုတ်မှာ ပိုင်ဆိုင်မှုတွေ ရှိနေမယ် ဆိုရင်လည်း တားမြစ်ထိန်းချုပ် ခံရမှာပါ။
ထိုင်ဝမ်က အမျိုးသားနေ့ အခမ်းအနားတွေကို ကျင်းပပြီး ၂ ရက်အကြာမှာ တရုတ်က အခုလို သံတမန်ရေးဆိုင်ရာ ဖိအားပေး ပိတ်ဆို့အရေးယူမှု တစ်ခုကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Public Service Announcement
ဗီလက်တေးက ထိုင်ဝမ်ရဲ့ အမျိုးသားနေ့ကို လူမှုကွန်ရက်ပေါ်ကနေ ကြိုဆို ဂုဏ်ပြုခဲ့ပြီး ‘ပါရာဂွေး နိုင်ငံဟာ ပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီစတဲ့ နှစ်နိုင်ငံကြားက တူညီတဲ့ စံတန်ဖိုးတွေကို ဆက်လက် လေးစားနေမှာဖြစ်ကြောင်း’ ရေးသားထားခဲ့ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုကို လိုလားနေပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကို သံတမန်ရေးအရ အဆက်အသွယ် ဖြတ်တောက်အောင် နိုင်ငံတကာ အစိုးရတွေကို လိုက်လံ ဖိအားပေးထားတာကြောင့် ထိုင်ဝမ်မှာ စုစုပေါင်း သံတမန် ဆက်ဆံရေး ထူထောင်ထားနိုင်တဲ့ မိတ်ဖက် ၁၂ နိုင်ငံသာ ရှိပါတယ်။
ပါရာဂွေး သမ္မတ ဆန်တီယေဂို ပီနာကတော့ ထိုင်ဝမ်ကို အရေးပါတဲ့ မိတ်ဖက်နိုင်ငံ တစ်ခုလို့ အသိအမှတ် ပြုထားသလို အခုနှစ် အစောပိုင်းတုန်းကလည်း ထိုင်ဝမ်ဆီ သွားရောက် လည်ပတ်ခဲ့ပါတယ်။ ပြီးတော့ ဆိုက်ဘာ လုံခြုံရေး၊ ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ကွန်ပျူတာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှု တချို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
စက်တင်ဘာ လတုန်းကတော့ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီး လင်ချိုင်လွန်းဟာ ဘီလစ်ဇီ နိုင်ငံဆီ သွားရောက် လည်ပတ်ခဲ့ပြီး ဖွန်ဆက်စ်ကာနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်းလည်း ထိုင်ဝမ်က ကြေညာပါတယ်။
အမေရိကတိုက်မှာ ထိုင်ဝမ်ရဲ့ နောက်ထပ် သံတမန်ရေး မဟာမိတ်တွေအဖြစ် ဂွာတီမာလာနဲ့ ဟေတီတို့ ရှိနေသလို ကာရေဘီယန် ဒေသတွင်း ကျွန်းနိုင်ငံ တချို့နဲ့လည်း သံတမန် ဆက်ဆံရေး ထူထောင်ထားပါတယ်။
ကိုးကား: AFP



















































