Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မယ်စကြာဝဠာ ပြိုင်ပွဲရဲ့ ဒိုင်နှစ်ဦး ရုတ်တရက် နုတ်ထွက်၊ လုပ်ပွဲ ရှိနိုင်တယ်လို့ တစ်ဦးစွပ်စွဲ

မယ်စကြာဝဠာ ပြိုင်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ ဒိုင်နှစ်ဦးက ရုတ်တရက် နုတ်ထွက်သွားခဲ့ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၂၁ ရက်နေ့ကျရင် ကျင်းပမယ့် ကမ္ဘာကျော် အလှမယ် ပြိုင်ပွဲကြီးရဲ့ ဆက်တိုက်ကြုံနေတဲ့ အရှုပ်တော်ပုံတွေထဲက နောက်ဆုံး ပြဿနာလည်း ဖြစ်လာပါတယ်။

ဓာတ်ပုံ - Reuters

မယ်စကြာဝဠာ ပြိုင်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ ဒိုင်နှစ်ဦးက ရုတ်တရက် နုတ်ထွက်သွားခဲ့ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၂၁ ရက်နေ့ကျရင် ကျင်းပမယ့် ကမ္ဘာကျော် အလှမယ် ပြိုင်ပွဲကြီးရဲ့ ဆက်တိုက်ကြုံနေတဲ့ အရှုပ်တော်ပုံတွေထဲက နောက်ဆုံး ပြဿနာလည်း ဖြစ်လာပါတယ်။

လက်ဘနွန်နွယ်ဖွား ပြင်သစ် ဂီတပညာရှင် အိုမာ ဟားဖော့ချ်က မယ်စကြာဝဠာ အဖွဲ့ရဲ့ ၈ ဦးပါ ဒိုင်အဖွဲ့ကနေ သူနုတ်ထွက်တဲ့အကြောင်း နိုဝင်ဘာ ၁၉ ရက်နေ့က လူမှုကွန်ရက် မီဒီယာ Instagramမှာ အတည်ပြု ရေးသားခဲ့ပါတယ်။ သူက ပြိုင်ပွဲမှာ ကြိုတင် မကြေညာဘဲ ခန့်အပ်မယ့် ဒိုင်အဖွဲ့ တစ်ခုဟာ ပြိုင်ပွဲ မတိုင်ခင် ကတည်းက နောက်ဆုံးအဆင့် ပွဲစဉ်တွေကို တက်လှမ်းနိုင်မယ့် အလှမယ် စာရင်းကို ကြိုတင် ပြင်ဆင်ထားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒီကိစ္စဟာ လုပ်ပွဲအဖြစ် သတ်မှတ်လို့ရတယ်လို့ ဟားဖော့ချ်က ဆိုပါတယ်။

နာရီပိုင်း အကြာမှာတော့ ပြင်သစ် ဘောလုံးကြယ်ပွင့်ဟောင်း ကလော့ဒ် မက်ခီလီလီကလည်း ထုတ်မပြောလိုတဲ့ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်တွေကြောင့် ဒိုင်အဖြစ်က နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက မယ်စကြာဝဠာ ပြိုင်ပွဲရဲ့ အိမ်ရှင်နိုင်ငံ အခြေစိုက် ပွဲစီစဉ်သူ နဝပ် အစ်ဆာရက်ရီဆီလ်က ပြိုင်ပွဲဝင် အလှမယ် တစ်ဦးကို လူကြားထဲမှာ ကြမ်းကြမ်းတမ်းတမ်း ဝေဖန် ပုတ်ခတ်ခဲ့တာကို အကြောင်းပြုပြီး ပြဿနာတွေ တက်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ နဝပ်က ပြန်တောင်းပန်ခဲ့သလို ပြိုင်ပွဲတာဝန်ရှိသူတွေကလည်း သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ခဲ့တာကြောင့် ပြေလည်အောင် ဖြေရှင်နိုင်ခဲ့ပါတယ်။ အခုတော့ နောက်ထပ် ပြဿနာ အသစ်တစ်ခု ထပ်ကြုံလာပြန်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြိုင်ပွဲမှာ လုပ်ပွဲ စီစဉ်ထားတယ်ဆိုတဲ့ ဟားဖော့ချ်ရဲ့ စွပ်စွဲချက်ဟာ အတော်ကြီး သက်ရောက်မှု ကြီးမားမယ့် အခြေအနေ ရှိပါတယ်။ သူက ကြိုမကြေညာထားတဲ့ ဂျူရီဒိုင်အဖွဲ့ တစ်ခုကိုပါ ရွေးချယ် တာဝန်ပေးမယ်ဆိုတဲ့ သတင်းကို လူမှုကွန်ရက်ကနေ ကြားလာခဲ့တာ ဖြစ်ကြောင်း၊ အဲဒီအဖွဲ့ဟာ သူအပါအဝင် ကနဦး ဒိုင် ၈ ယောက်နဲ့ ပတ်သက်မှု မရှိကြောင်း၊ ပြီးတော့ အဲဒီ အဖွဲ့ဟာ နောက်ဆုံးအဆင့်တက်မယ့် အလှမယ် စာရင်းကိုလည်း ကြိုတင် ပြင်ဆင်ထားကြောင်း ဟားဖော့ချ်က ရေးသားထားပါတယ်။ အဲဒီဒိုင်အဖွဲ့ထဲမှာ ပြိုင်ပွဲဝင် အလှမယ် တချို့နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးသူတွေလည်း ရောနှော ပါဝင်နေတယ်လို့ သူက ဆိုပါတယ်။

Instagramမှာ သူ့ရဲ့ ရေးသားမှုအရ အဲဒီ သီးခြားဒိုင်အဖွဲ့ဟာ ပြိုင်ပွဲဝင် ၁၃၆ ဦးထဲက အယောက် ၃၀ ကို နောက်ဆုံးအဆင့် တက်ရောက်မယ့် သူတွေအဖြစ် ကြိုတင် ရွေးချယ်ထားတယ်လို့ သိရပါတယ်။

မယ်စကြာဝဠာ ပြိုင်ပွဲဖက်ကတော့ ဟားဖော့ချ်ရဲ့ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ဆုရွေးချယ်ရေးမှာ ဘယ်ပြင်ပ အစုအဖွဲ့ကိုမှ တာဝန်ပေးမထားဘူးလို့ တုံ့ပြန် ကြေညာခဲ့ပါတယ်။ အဲဒီအစား ဟားဖော့ချ်ဟာ Beyond the Crown အစီအစဉ်နဲ့ ပတ်သက်လို့ အမြင်မှားခဲ့ဟန် ရှိကြောင်း၊ အဲဒီ အစုအဖွဲ့ဟာ မယ်စကြာဝဠာ ပြိုင်ပွဲနဲ့ သီးခြားစီ ရပ်တည်တဲ့ ရွေးချယ်ရေး ကော်မတီ တစ်ခုရှိပေမယ့် ဆုရွေးချယ်မှုအပေါ် ဘယ်လို လွှမ်းမိုး သက်ရောက်မှုမှ မရှိနိုင်ကြောင်း ပြိုင်ပွဲ တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

မယ်စကြာဝဠာ ပြိုင်ပွဲဟာ Beyond the Crown ဖွဲ့စည်းမှုကို နိုဝင်ဘာ ၁၇ ရက်နေ့ကမှ ကြေညာခဲ့ပါတယ်။ နောက်ထပ် နုတ်ထွက်တဲ့ ဒိုင်တစ်ဦးဖြစ်တဲ့ မက်ခီလီလီကတော့ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုလို့ ဆိုပါတယ်။ သူက မယ်စကြာဝဠာ ပြိုင်ပွဲကို အများကြီး လေးစား တန်ဖိုးထားကြောင်း၊ ဒီပြိုင်ပွဲရဲ့ အခြေခံ မူတွေဟာ အမျိုးသမီးတွေရဲ့ စွမ်းအားကို ပြသနိုင်မှု၊ စုံလင်ကွဲပြားမှုနဲ့ သူ့ဘဝ တလျှောက်လုံး အလေးထားခဲ့တဲ့ တခြားစံတန်ဖိုးတွေကို ကိုယ်စားပြုခဲ့ကြောင်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒါပေမဲ့ သူဘာကြောင့် နုတ်ထွက်သလဲ ဆိုတာကိုတော့ မက်ခီလီလီက နှုတ်ဆိတ်နေခဲ့ပါတယ်။

၇၄ ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့ကျရင် နော့သ်ဘူရီမှာရှိတဲ့ Impact Challenger ခန်းမကြီးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မယ်စကြာဝဠာ ပြိုင်ပွဲမှာတော့ မက္ကဆီကို ကိုယ်စားပြု အလှမယ် ဖာတီမာဘော့ချ်က သရဖူ ဆောင်းသွားခဲ့ပါတယ်။

နိုင်ငံတကာ

လတ်တလောမှာတော့ ဂျကာတာ ရဲတပ်ဖွဲ့ကလည်း အမျိုးသမီးတွေရဲ့ တိုင်ကြားချက်ကို အခြေခံပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။ အင်ဒိုနီးရှား အခြေစိုက် မိတ်ဖက် ကုမ္ပဏီဖက်ကတော့ အခုပြဿနာအတွက် ရှင်းရှင်းလင်းလင်း မှတ်ချက် မပေးသေးပါဘူး။

ဗီဒီယို

မယ်စကြဝဠာ ၂၀၂၀ ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်က သူမမှာ စူပါပါဝါရှိရင် မြန်မာနိူင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားမှုကို အမြန်ဆုံး အဆုံးသတ်ချင်ပါတယ်လို့ ပြိုင်ပွဲမှာ ဒိုင်လူကြီးရဲ့​မေးမြန်းမှုကို​ဖြေကြားပါတယ်။