Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာစစ်ပွဲကြောင့် သေဆုံး ပါလက်စတိုင်းဦးရေ ၇၀၀၀၀ ကျော်လွန်လာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ပွဲစတင်ချိန် ကတည်းက ပါလက်စတိုင်းတွေ သေဆုံးမှု အရေအတွက်ဟာ ၇၀၀၀၀ ကျော်လွန်သွားပြီလို့ သိရပါတယ်။

ဓာတ်ပုံ - Getty Images

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ပွဲစတင်ချိန် ကတည်းက ပါလက်စတိုင်းတွေ သေဆုံးမှု အရေအတွက်ဟာ ၇၀၀၀၀ ကျော်လွန်သွားပြီလို့ သိရပါတယ်။

အဲဒီ စိတ်နှလုံး မချမ်းမြေ့စရာ ကိန်းဂဏန်း မှတ်တိုင်ကို နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျော်ဖြတ်သွားခဲ့တာ ဖြစ်တယ်လို့ ဟားမားစ် ပြောက်ကျားတွေ ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်တဲ့ ပါလက်စတိုင်း အသေအပျောက် ကိန်းဂဏန်းတွေဟာ မှန်ကန်မှု မရှိနိုင်ဘူးလို့ အစ္စရေးက ကန့်ကွက်ထားပေမယ့် ကုလသမဂ္ဂကတော့ ယုံကြည် လက်ခံထိုက်တယ်လို့ ယူဆထားပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက နယ်စပ်ကို ကျူးကျော်ပြီး အစ္စရေး ပိုင်နက်ထဲက မြို့ရွာတွေကို ဟားမားစ်နဲ့ မဟာမိတ် ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့တွေက စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေး ၁၂၀၀ ကျော် သေဆုံးပြီး ၂၅၁ ဦးဟာ ဂါဇာဖက်ကို ဓားစာခံတွေအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။

အဲဒီနောက် အစ္စရေးက စစ်ရေးအရ လက်တုံ့ပြန်ရာက ဂါဇာမှာ ၂ နှစ်ကျော်ကြာတဲ့ စစ်ပွဲကြီး စတင်လာခဲ့ပါတယ်။ အစ္စရေးရဲ့ လွန်လွန်ကဲကဲ တိုက်ခိုက်မှုတွေကြောင့်လည်း ဟားမားစ်တွေသာ မကဘဲ ပါလက်စတိုင်း အရပ်သားတွေပါ အများအပြား သေကြေ ပျက်စီးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးနဲ့ ဟားမားစ်တို့ဟာ အမေရိကန် အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ အခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ကစပြီး အပစ်ရပ်ထားပေမယ့် အဲဒီနောက်ပိုင်းမှာတောင် အစ္စရေးက ဂါဇာမှာ ကြိုကြားကြိုကြား တိုက်ခိုက်တာတွေ ရှိနေခဲ့ပါတယ်။

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စစ်ပွဲကြောင့် သေဆုံးသူ ပါလက်စတိုင်းဦးရေ ၇၀၁၀၀ လောက်ထိ ရှိလာပြီလို့ သိရပါတယ်။ အဲဒီ သေဆုံးစာရင်းကို ကျန်းမာရေး ပညာရှင်တွေက မှတ်တမ်းပြုစုတာဖြစ်ပြီး ယေဘုယျအနေနဲ့ ယုံကြည် လက်ခံနိုင်လောက်စရာ ဖြစ်တယ်လို့ နိုင်ငံတကာက အသိအမှတ် ပြုထားပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီးတဲ့ နောက်ပိုင်းမှာတောင် ထပ်မံသေဆုံးတဲ့ ပါလက်စတိုင်း ၃၅၂ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါပေမဲ့ သေဆုံးစာရင်းမှာ တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေကိုတော့ သီးသန့်ခွဲခြား ဖော်ပြမထားခဲ့ပါဘူး။

အစ္စရေးကတော့ ဟားမားစ် အပါအဝင် ပါလက်စတိုင်း စစ်သွေးကြွတွေက အပစ်ရပ် သဘောတူညီမှုကို စတင်ချိုးဖောက်လို့ လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။ ဟားမားစ်ကတော့ အစ္စရေး စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး အပစ်ရပ် သဘောတူညီမှုကို လေးစား လိုက်နာ ကျင့်သုံးနေဆဲလို့ ကြေညာထားပါတယ်။ ပြီးတော့ ကြားဝင်စေ့စပ်ပေးထားတဲ့ နိုင်ငံအသီးသီးရဲ့ အစိုးရတွေ အနေနဲ့ အပစ်ရပ် သဘောတူညီချက်ကို တစ်ဖက်သတ် ချိုးဖောက်နေတဲ့ အစ္စရေးအပေါ် ပိုမိုဖိအားပေးကြဖို့လည်း နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဟားမားစ်က တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အချုပ်အခြာ အာဏာပိုင် ပါလက်စတိုင်း နိုင်ငံဆိုတာ လုံးဝ ရှိမလာစေရဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြု ဆက်ဆံသွားမယ်လို့ ပြင်သစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရှေ့မှောက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း နိုင်ငံဆိုတာ ဘယ်တော့မှ ရှိမလာစေရဘူးလို့ အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဗြိတိန်၊ ဩစတြေးလျနဲ့ ကနေဒါ အစိုးရတွေဟာ ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုကြောင်း တစ်နေ့တည်းမှာတင် ကြေညာခဲ့ကြပါတယ်။