Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူငယ်တွေ ဆန္ဒအလျောက် စစ်မှုထမ်းစေမယ့် ဥပဒေကို ဂျာမနီ လွှတ်တော် အတည်ပြု

လူငယ်တွေကို ဆန္ဒအလျောက် စစ်မှုထမ်းစေမယ့် ဥပဒေမူကြမ်းကို ဂျာမနီ လွှတ်တော်က မဲခွဲ အတည်ပြုပေးလိုက်ပါတယ်။

ဓာတ်ပုံ - Politico

လူငယ်တွေကို ဆန္ဒအလျောက် စစ်မှုထမ်းစေမယ့် ဥပဒေမူကြမ်းကို ဂျာမနီ လွှတ်တော်က မဲခွဲ အတည်ပြုပေးလိုက်ပါတယ်။

အဲဒီ ဥပဒေဟာ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ စစ်ပွဲကြောင့် ဥရောပ နိုင်ငံတွေရဲ့ လုံခြုံရေး အစီအမံတွေ ပြန်လည် ဆန်းစစ် ပြင်ဆင်လာမှုရဲ့ အစိတ်အပိုင်း တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဂျာမနီမှာတော့ အဓိပတိ ဖရိုင်းဒရစ်ချ်မားဇ်က ဥရောပတိုက်ရဲ့ အကြီးမားဆုံး အမြဲတမ်း စစ်တပ်တစ်ခုကို ပြန်လည် ဖွဲ့စည်းနိုင်ဖို့ ဆန္ဒရှိနေပြီး အခု ဥပဒေ အပြောင်းအလဲက ပထမခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဘွန်ဒီစတက်ဂ်လို့ ခေါ်ဝေါ်တဲ့ ဂျာမနီ လွှတ်တော်မှာတော့ ဆန္ဒအလျောက် စစ်မှုထမ်းစေခြင်း ဥပဒေကြမ်းကို မဲပေးတဲ့အမတ် ၃၂၃ ဦးထဲက ၂၇၂ ဦးက ထောက်ခံပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကျရင် ဂျာမနီ အစိုးရဟာ နိုင်ငံအနှံ့မှာရှိတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တွေကို သဘောထား စစ်တမ်း မေးခွန်းတွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။ စစ်တမ်းရဲ့ အဓိက အကြောင်းအရာကတော့ စစ်တပ်ထဲဝင်ဖို့ ဆန္ဒရှိမရှိ စုံစမ်းဖို့ ဖြစ်ပါတယ်။ စစ်တမ်းကို အသက် ၁၈ နှစ်အရွယ် လူငယ် အမျိုးသား အားလုံးက မဖြစ်မနေ ပါဝင် ဖြေဆိုပေးရမှာဖြစ်ပြီး အမျိုးသမီးတွေကတော့ မဖြေချင်ရင်လည်း ငြင်းဆန်ခွင့် ရှိမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီဥပဒေဟာ ဂျာမန် လူငယ်ထုတွေ ကြားမှာတော့ လူကြိုက်များမှာ မဟုတ်ပါဘူး။ ဂျာမနီက မြို့ပေါင်း ၉၀ လောက်မှာ ဒီဇင်ဘာ ၅ ရက်နေ့တုန်းက ထောင်နဲ့ချီတဲ့ လူငယ်တွေ အဖွဲ့လိုက် စုဝေးပြီး စစ်မှုထမ်း ဥပဒေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

လူငယ်အများအပြားက အဲဒီဥပဒေကို ဆန့်ကျင်ကြောင်း၊ ဒါမှမဟုတ် အလုပ်မဖြစ်ဘူးလို့ သံသယရှိကြောင်း ပြောပါတယ်။ သူတို့ဘဝရဲ့ သက်တမ်း တစ်ဝက်လောက်ကို စစ်တန်းလျားထဲ ပိတ်မိနေတာ၊ လူသတ်ဖို့အတွက် သင်ကြားခံနေရတာတွေမှာ အချိန်မဖြုန်းနိုင်ဘူးလို့ လူငယ်တစ်ဦးက ပြောပါတယ်။

အထက်တန်းကျောင်းသား တော်တော်များများကလည်း ကျောင်းမသွားဘဲ စုဝေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြ လူငယ်တွေက စစ်ပွဲဆိုတာဟာ အသက်မွေးဝမ်းကြောင်း ဘဝတွေကို ဖျက်ဆီးပစ်တာကလွဲရင် ဘာကောင်းကျိုးမှ ပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လကလည်း တခြားဥရောပ အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်ဟာ အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ် လူငယ်တွေကို ဆန္ဒအလျောက် တက်ရောက်ခွင့်ပြုမယ့် ၁၀ လကြာ စစ်သင်တန်း အစီအစဉ်ကို မိတ်ဆက်ခဲ့ပါတယ်။ စစ်မှုထမ်းဖို့၊ မထမ်းဖို့ ဆိုတာကို ကိုယ်ပိုင် ဆန္ဒနဲ့ ဆုံးဖြတ်ခွင့် ပေးထားတာကို တတ်နိုင်သမျှ အချိန်ဆွဲဆန့်ထားဖို့ ရည်ရွယ်ကြောင်း ပြင်သစ် အစိုးရက ပြောပေမယ့် ၂၀၂၇ ဇူလိုင်လကစပြီး အသက် ၁၈ နှစ်အရွယ် အားလုံးဟာ စစ်မှုထမ်းဖို့ သင့်မသင့် ဆေးစစ်မှုတွေ စတင်ခံယူရမယ်လို့ သိရပါတယ်။

ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးရက်စ်ကလည်း လူငယ်တိုင်းကို စစ်မှုထမ်းဖို့ ကိုက်ညီမှု ရှိမရှိ ကြိုတင် ဆေးစစ်စေမှုဟာ လိုအပ်တဲ့ ကိစ္စမျိုး ဖြစ်တယ်လို့ ထောက်ခံခဲ့ပါတယ်။ တကယ်လို့ ကိုယ့်နိုင်ငံကို တိုက်ခိုက်ခံရတဲ့ အခြေအနေမျိုး ကြုံလာရင် ဂျာမနီဟာ အဲဒီကျမှ သင့်တော်သူတွေကို ရှာဖွေနေဖို့ အဆင်ပြေမှာ မဟုတ်ကြောင်း သူက ဆိုပါတယ်။

ဂျာမနီမှာ အမြဲတမ်း တပ်ဖွဲ့ဝင်အင်အား ၁၈၂၀၀၀ လောက်ထိ ကြီးမားတဲ့ စစ်တပ် ရှိနေပြီး ပစ္စတိုးရီးရက်စ်ကတော့ လာမယ့်နှစ်အတွင်း အင်အား ၂၀၀၀၀ လောက် ထပ်တိုးဖို့ မျှော်လင့်နေပါတယ်။ ဂျာမနီဟာ ၂၀၃၀ ပြည့်လွန်နှစ်မှာတော့ အမြဲတမ်း တပ်အင်အား ၂၆၀၀၀၀ နဲ့ အရန်တပ်အင်အား ၂၀၀၀၀၀ ထိ မြှင့်တင် ဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

ကိုးကား: Politico

ဆက်စပ်သတင်းများ

သတင်း

​မြန်မာနိုင်ငံမှာ အတင်းအကြပ် စစ်မှုထမ်းခိုင်းစေခြင်းနဲ့ မလုံခြုံမှုတွေကြောင့် အလုပ်သမားတွေနဲ့ လူငယ်ထုဟာ လူကုန်ကူးခံရမယ့်အန္တရာယ်နဲ့ မရေရာတဲ့ ရွှေ့ပြောင်းအလုပ်အကိုင်တွေကြားသို့တွန်းပို့ခံနေရကြောင်း ရွှေဘိုမြို့နယ်သပိတ်အင်အားစု က ၂၀၂၆ ခုနှစ်၊ မေဒေးလှုပ်ရှားမှုနဲ့အတူ သတိပေးပါတယ်။

ဆောင်းပါး

လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်ရဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးဟာ အဲဒီရ​ပ်ကွက်ထဲက မီနီကွန်ဒိုတစ်ခုရဲ့ လေးလွှာမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းရဲ့အောက်မှာ လူနာတင်ကားသံတွေ ဆူညံသွားခဲ့တယ်။ တိုက်ပေါ်ကနေ လူငယ်နှစ်ယောက်ခုန်ချတာတဲ့။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ရဲနဲ့ တရားရုံးတွေက အကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းမဟုတ်ဘဲ အမြတ်ထုတ်၊ထိခိုက်နိုင်တဲ့အဖွဲ့တွေလို့ လူငယ်တွေရှုမြင်လာ