ဧပြီ-၃၀၊၂၀၂၆။ဟာနာဆန်/People’s Spring
မြန်မာနိုင်ငံမှာ အတင်းအကြပ် စစ်မှုထမ်းခိုင်းစေခြင်းနဲ့ မလုံခြုံမှုတွေကြောင့် အလုပ်သမားတွေနဲ့ လူငယ်ထုဟာ လူကုန်ကူးခံရမယ့်အန္တရာယ်နဲ့ မရေရာတဲ့ ရွှေ့ပြောင်းအလုပ်အကိုင်တွေကြားသို့တွန်းပို့ခံနေရကြောင်း ရွှေဘိုမြို့နယ်သပိတ်အင်အားစု က ၂၀၂၆ ခုနှစ်၊ မေဒေးလှုပ်ရှားမှုနဲ့အတူ သတိပေးပါတယ်။
ရွှေဘိုမြို့နယ်သပိတ်အင်အားစုက မနက်ဖြန်မှာကျရောက်မယ့်မေဒေးနေ့ အကြိုလှုပ်ရှားမှုတစ်ခု ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။အဲဒီလှုပ်ရှားမှုနဲ့အတူ ထုတ်ပြန်ချက်တစ်စောင် ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံက အလုပ်သမားထုဟာ အတင်းအကြပ်စစ်မှုထမ်းခြင်းနဲ့ ကျယ်ပြန့်တဲ့ မလုံခြုံမှုတွေကြောင့် ကြောက်ရွံ့မှုနဲ့ မတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ အလုပ်သမားတွေနဲ့ လူငယ်တွေဟာ စစ်မှုထမ်းဖို့ အတင်းအကျပ် ခိုင်းစေခံရတာ သို့မဟုတ် ငွေညှစ်တာတွေ ရှောင်ရှားဖို့ ရွှေ့ပြောင်း နေထိုင်မှု၊ လူကုန်ကူးမှုနဲ့ မရေမရာအလုပ်အကိုင်တွေမှာ ဆက်လက်တိုးပွားလာနေကြောင်း ဖော်ပြပါတယ်။

လက်ရှိမှာ အလုပ်သမားတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လုပ်ခလစာ မဖူလုံတာ၊ အလုပ်အကိုင် မလုံခြုံတာနဲ့ အခြေခံအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် အလုပ်သမားသမဂ္ဂဝင်တွေနဲ့ လှုပ်ရှားတက်ကြွသူတွေဟာ ဖမ်းဆီးအကြမ်းဖက်ခံနေရသလို၊ ကျေးလက်ဒေသက လယ်သမားတွေလည်း အတင်းအကြပ်ရွှေ့ပြောင်းခိုင်းတာနဲ့ အကြွေးတင်တာတွေကြောင့်ဒုက္ခရောက်နေကြပါတယ်။ကလေးအလုပ်သမားအရေအတွက်လည်းတိုးလာနေတယ်လို့ ထောက်ပြထားပါတယ်။
ဒါကြောင့် အခြေခံအလုပ်သမားအခွင့်အရေးတွေ ပြန်ရဖို့၊ ဖိနှိပ်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေကို နိုင်ငံတကာက အရေးယူပေးဖို့ ရွှေဘိုမြို့နယ်သပိတ်အင်အားစုကတိုက်တွန်းထားပါတယ်။ဒီလိုအခက်အခဲတွေရှိနေပေမဲ့ အလုပ်သမားနဲ့ လယ်သမားထုရဲ့ ခုခံတွန်းလှန်မှု စိတ်ဓာတ်ကတော့ ခိုင်မာနေဆဲပဲလို့ ဖော်ပြထားပါတယ်။

















































