လူငယ်တွေကို လူမှုကွန်ရက် မီဒီယာ သုံးစွဲခွင့် ပိတ်ပင်တဲ့ ကမ္ဘာ့ ပထမဆုံး ဥပဒေဟာ ဩစတြေးလျ နိုင်ငံမှာ စတင် အသက်ဝင်လာခဲ့ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ကစလို့ နိုင်ငံအနှံ့မှာ ရှိနေတဲ့ ကလေးတွေ၊ ဆယ်ကျော်သက် အရွယ်တွေရဲ့ Facebook၊ Instagram၊ Thread၊ X၊ YouTube၊ Snapchat၊ Reddit၊ Kick၊ Twitchနဲ့ TikTokတို့လို လူမှုကွန်ရက် မီဒီယာ အကောင့်တွေက အသုံးပြုလို့ မရတော့ပါဘူး။
သန်းနဲ့ချီတဲ့ အသက် ၁၆ နှစ်အောက် အရွယ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာ ဖြစ်ပါတယ်။ ဒါဟာ ဩစတြေးလျ လွှတ်တော်က မဲခွဲ အတည်ပြုထားတဲ့ လူငယ်များ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်ရေး ဥပဒေ စတင် အသက်ဝင်လာလို့ ဖြစ်ပါတယ်။ ဩစတြေးလျဟာ လူငယ်တွေရဲ့ လူမှုကွန်ရက် အသုံးပြုခွင့်ကို ပိတ်ပင်တဲ့ ပထမဆုံး နိုင်ငံအနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို မလိုက်နာဘဲ လူငယ်တွေရဲ့ လူမှုကွန်ရက် အကောင့်တွေကို ဖွင့်ပေးထားရင် သက်ဆိုင်ရာ ကုမ္ပဏီဟာ ဒေါ်လာ သန်း ၅၀ ဝန်းကျင်လောက် ဒဏ်ကြေးကို ကျခံရမှာ ဖြစ်ပါတယ်။ Xကလွဲလို့ လူမှုကွန်ရက် နည်းပညာ ကုမ္ပဏီ အများအပြားက အစိုးရရဲ့ သတ်မှတ်စည်းမျဉ်းတွေကို လိုက်နာသွားမယ်လို့ ကြိုတင် ကြေညာထားပါတယ်။ ဒါပေမဲ့ Xကလည်း အစိုးရရဲ့ သတ်မှတ်ချက်တွေကို ဘယ်လို လိုက်နာရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဆွေးနွေးနေပါတယ်။

Public Service Announcement
ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်ကတော့ အဲဒီဥပဒေ စတင် အသက်ဝင်လာခြင်းကို မြင်ခွင့်ရတာဟာ ဝန်ကြီးချုပ် အနေနဲ့ သူ့အတွက် ဂုဏ်အယူရဆုံး နေ့တစ်နေ့ ဖြစ်လာစေခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လူငယ် တော်တော်များများကတော့ သူတို့ရဲ့ လူမှုကွန်ရက် အကောင့်တွေ ပိတ်ပင်ခံလိုက်ရတဲ့အပေါ် မပျော်နိုင်ကြပါဘူး။
ဩစတြေးလျမှာ Xအစားထိုး အသုံးပြုတဲ့ ပလက်ဖောင်း တစ်ခုဖြစ်တဲ့ Blueskyကလည်း အသက် ၁၆ နှစ်အောက် သုံးစွဲသူတွေကို ပိတ်ပင်သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ စည်းမျဉ်းသစ်ကို တာဝန်ယူ ကိုင်တွယ်နေတဲ့ eSafety ဌာနက Bluesky အသုံးပြုတဲ့ ဩစတြေးလျ အခြေစိုက် လူငယ်ဦးရေဟာ ၅၀၀၀၀ ဝန်းကျင်သာ ရှိတာကြောင့် အရမ်း စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ဘူးလို့ မှတ်ချက်ပေးထားပါတယ်။
မိဘတချို့ကတော့ ကလေးတွေဟာ သူတို့ရဲ့ လူမှုကွန်ရက် အကောင့်တွေ အပိတ်မခံရခင် ကတည်းက သီတင်းပတ်တွေနဲ့ချီ အချိန်ယူပြီး ကြိုတင် ပြင်ဆင်ထားတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ Snapchatလို တချို့ လူမှုကွန်ရက် ပလက်ဖောင်းတွေမှာတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေက အသက် ၁၈ နှစ်လို့ လိမ်လည်ပြီး အကောင့် မှတ်ပုံတင်တာမျိုးကို သေချာ စိစစ်မှု မရှိသေးဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
တချို့မိဘတွေကတော့ ကလေးတွေဟာ ဥပဒေ စတင် အသက်မဝင်ခင် ကတည်းက VPNတွေကို အသုံးပြုပြီး အကောင့်တွေ ဘယ်လို ဆက်လက် အသုံးပြုနိုင်မလဲဆိုတဲ့ ဥပဒေ လက်တစ်လုံးခြား နည်းလမ်းတွေကို သင်ယူ တတ်မြောက်ခဲ့ကြပြီး ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ တချို့မိဘတွေကတော့ ကလေးတွေကို လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မှုကို သဘောမကျဘဲ ကိုယ်တိုင်က အကောင့်မှတ်ပုံတင်ထားတဲ့ အသက်အပြောင်းအလဲတွေ လုပ်လို့ရအောင် ကူညီပေးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
လူငယ်တွေဟာ လူမှုကွန်ရက်တွေအပေါ် အလွန်အကျွံ မှီခိုလာပြီး ပုံမှန် ဖွံ့ဖြိုးမှုတွေမှာ နောက်ကျလာနိုင်တယ်လို့ ယုံကြည်တာကြောင့် အသက် ၁၆ နှစ်အောက် အရွယ်တွေကို သုံးစွဲခွင့်ပိတ်ဖို့ အစိုးရက ဆုံးဖြတ်ခဲ့တာပါ။ ဩစတြေးလျရဲ့ ဥပဒေသစ်ဟာ အငြင်းပွားစရာတွေ ဖြစ်ခဲ့သလို တခြားနိုင်ငံတွေရဲ့ ဂရုတစိုက် စောင့်ကြည့်မှု၊ မှီငြမ်းမှုကိုလည်း ခံခဲ့ရပါတယ်။ မလေးရှား၊ ဒိန်းမတ်နဲ့ နော်ဝေး အစိုးရတွေကလည်း အလားတူ ဥပဒေမျိုးကို ကျင့်သုံးနိုင်ဖို့ စဉ်းစား ပြင်ဆင်နေကြောင်း အသီးသီး ပြောကြားထားပါတယ်။
ကိုးကား: Guardian


















































