အမေရိကန် ရေတပ်အတွက် တည်ဆောက်သွားမယ့် Trump class စစ်သင်္ဘော အသစ်တွေအကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က မိတ်ဆက် ကြေညာခဲ့ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့တုန်းက ဖလော်ရီဒါမှာရှိတဲ့ သူ့ကိုယ်ပိုင် ဇိမ်ခံ စံအိမ်ကြီးမှာ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်၊ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုတို့ ခြံရံပြီး ထရမ့်က အဲဒီ စစ်သင်္ဘောတွေနဲ့ ပတ်သက်တဲ့ စီမံကိန်းကို သတင်းထောက်တွေဆီ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ နာမည်ကို အစွဲပြုပြီး ရေယာဉ် အဆင့်အတန်း သတ်မှတ်ထားမယ့် စစ်သင်္ဘောတွေဟာ ကမ္ဘာပေါ်မှာ တည်ဆောက်ဖူးသမျှ အမြန်ဆုံး၊ အကြီးဆုံး၊ အစွမ်းအထက်ဆုံး အမျိုးအစားတွေ ဖြစ်လာမယ်လို့ ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။ Trump classတွေဟာ တွေ့ဖူးသမျှ စစ်သင်္ဘော အားလုံးထက် အဆ ၁၀၀ အစွမ်းထက်လိမ့်မယ်လို့ ထရမ့်က ပြောပါတယ်။
အမေရိကန် ရေတပ်ရဲ့ ဟောင်းနွမ်းပြီး စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာတဲ့ စစ်သင်္ဘောတွေအစား ရေရှည်မှာ Trump classတွေက ပီပီပြင်ပြင် အစားထိုး တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထရမ့်ဟာ ရွှေရောင်ရေတပ်ဖွဲ့ (Golden fleet)လို့ ရည်ညွှန်းထားတဲ့ စစ်ရေယာဉ် အမျိုးအစားသစ်တွေကို ရေတပ်အတွက် ဆက်တိုက် မိတ်ဆက်ပေးသွားမှာဖြစ်ပြီး အဲဒီထဲမှာ Trump classတွေက ပထမဆုံးပါ။

Public Service Announcement
အမေရိကန်မှာပဲ တည်ဆောက်မှာဖြစ်ပြီး တန်ချိန် ၃၀၀၀၀ နဲ့ ၄၀၀၀၀ ကြား အလေးချိန်ရှိမယ့် စစ်သင်္ဘောတွေမှာ အဆင့်အမြင့်ဆုံး ခရုစ်ဒုံးကျည်တွေ၊ စက်အမြောက်တွေ၊ ဟိုက်ပါဆောနစ် စစ်လက်နက်တွေ တပ်ဆင်ထားမယ့်အပြင် နည်းပညာ အမြင့်ဆုံး လေဆာရောင်ခြည် ကာကွယ်ရေး လက်နက်တွေလည်း ပါဝင်လာမယ်လို့ ထရမ့်က ဆိုပါတယ်။
ထရမ့်က Trump class စစ်ရေယာဉ် ၈ စီးကို ဦးစားပေးအဆင့် တည်ဆောက်ပြီး နောက်ထပ် ၈ စီးကို ဆက်လက် ဆောက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။ သူ့ရဲ့ ရည်မှန်းချက်က ရေတပ်မှာ Trump class အစီး ၂၀ ကနေ ၂၅ စီးထိ ပိုင်ဆိုင်ထားဖို့ ဖြစ်ပါတယ်။ အဲဒီ ရေယာဉ်တွေမှာ ဉာဏ်ရည်တု (AI) နည်းပညာ အထောက်အပံ့လည်း ပါဝင်မယ်လို့ ထရမ့်က ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။
ထရမ့်ဟာ စစ်သင်္ဘော အသစ်တွေရဲ့ စိတ်ကူးယဉ်ရေးဆွဲထားတဲ့ ဒီဇိုင်းရဲ့ graphic ဓာတ်ပုံတွေကိုလည်း ပြသခဲ့ပေမယ့် သေချာပေါက် အဲဒီဒီဇိုင်းကို အသုံးပြုမယ့် အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ထရမ့်က စစ်သင်္ဘောတွေရဲ့ ဒီဇိုင်းပိုင်းနဲ့ ပတ်သက်လို့ ရေတပ်နဲ့အတူ သူပါ ပူးပေါင်း စဉ်းစားပြီး အကြံပေးသွားမယ်လို့ ပြောပါတယ်။ သူဟာ အလှအပကို ကောင်းကောင်း ခံစားတတ်သူ တစ်ဦးဖြစ်တာကြောင့် ဒီဇိုင်းရွေးချယ်မှုမှာ ကူညီနိုင်လိမ့်မယ်လို့ သမ္မတက ဆိုပါတယ်။
Trump classတွေထဲက ပထမဆုံး သင်္ဘောကိုတော့ USS Defiantလို့ နာမည်ပေးဖို့ လျာထားပါတယ်။ အမေရိကန်ဟာ စစ်သင်္ဘောတွေ တည်ဆောက် ထုတ်လုပ်နိုင်စွမ်းမှာ ခါးသီးပြိုင်ဘက် တရုတ်ရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရတဲ့နောက် ထရမ့်ဟာ ရေတပ်မှာ နည်းပညာ ပိုမိုမြင့်မားတဲ့ ရေယာဉ်တွေ ဖြည့်တင်းနိုင်ရေးကို ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဟာ ၁၉၉၄ ခုနှစ်ကစလို့ စစ်သင်္ဘောကြီးတွေ တည်ဆောက်မှု မရှိတော့ကြောင်း၊ Trump classတွေကတော့ အမေရိကန် သမိုင်းမှာရော၊ ကမ္ဘာပေါ်မှာပါ အကြီးမားဆုံး စစ်သင်္ဘောတွေ အနေနဲ့ မှတ်တမ်းဝင်မှာ ဖြစ်ကြောင်း၊ အမေရိကန်ရဲ့ ရေငုပ်သင်္ဘောတွေအပြင် အဲဒီ နည်းပညာမြင့် တိုက်ရေယာဉ်တွေဟာ အမေရိကန် ရေတပ်ရဲ့ အစွမ်းအထက်ဆုံး ရေပေါ်သွား စစ်ရေယာဉ်တွေ ဖြစ်လာမှာ သေချာကြောင်းလည်း ထရမ့်က ပြောကြားသွားပါတယ်။
ကိုးကား: Sky


















































