ဥရောပအပေါ် အမေရိကန်က အကျပ်ကိုင်နေတယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် အပါအဝင် ဥရောပ နိုင်ငံတချို့ရဲ့ အစိုးရတွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။
ဥရောပ နိုင်ငံရေး ရပ်ဝန်းမှာ လူသိထင်ရှား ပုဂ္ဂိုလ် ၅ ဦးကို အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာတွေ တားဆီးခဲ့တဲ့နောက် ဥရောပ နိုင်ငံတွေက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဗီဇာ ပိတ်ခံရသူတွေဟာ ဥရောပ ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ကော်မရှင်ရဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှု အက်ဥပဒေ (DSA) ဖြစ်မြောက်ရေး အဓိက ဦးဆောင်ခဲ့သူ ပြင်သစ် နိုင်ငံသား သီအာရီ ဘရီတန်နဲ့ ဗြိတိန်က ၂ ဦး၊ ဂျာမနီက ၂ ဦးတို့ ဖြစ်ပါတယ်။
ဗီဇာပိတ်ဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြောင်းပြချက် ပေးခဲ့ရမှာတော့ အဲဒီ ပုဂ္ဂိုလ်တွေဟာ အမေရိကန်ရဲ့ သဘောထား အမြင်တွေကို အမေရိကန် လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာ ဖြန့်ဝေတာတွေကို အတင်းအကျပ် ပိတ်ဆို့ တားဆီးခဲ့တာတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement
သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ အဲဒီလိုပုံစံနဲ့ ဆင်ဆာဖြတ်တောက်မှုတွေကို လုံးဝ သည်းခံတော့မှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးဌာနရဲ့ လူမှုကွန်ရက် မီဒီယာ X စာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်။
ဒါပေမဲ့ မာခရွန်နဲ့အတူ ဂျာမနီ၊ စပိန်၊ ဗြိတိန်တို့ အပါအဝင် ဥရောပ နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေကတော့ အမေရိကန်ရဲ့ လုပ်ရပ်ကို တညီတညွတ်တည်း ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။
DSA အက်ဥပဒေဟာ အမုန်းစကား ဖြန့်ဝေမှုတွေကို တားဆီးထိန်းချုပ်ဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်လို့ ဥရောပ နိုင်ငံတွေက ရှုမြင်ပေမယ့် အမေရိကန်ကတော့ ဆင်ဆာဖြတ်တောက်မှု ပုံစံတစ်မျိုးလို့ ယူဆထားပါတယ်။
မာခရွန်က ဥရောပ ခေါင်းဆောင်တွေရဲ့ ဗီဇာကို ပိတ်ပင်တဲ့ လုပ်ရပ်ဟာ ဥရောပရဲ့ ဒစ်ဂျစ်တယ် အချုပ်အခြာကို ဖိနှိပ်တဲ့၊ အားလျော့စေတဲ့ အကျပ်ကိုင်မှုမျိုး ဖြစ်နေတယ်လို့ Xမှာ ရေးသားထားခဲ့ပါတယ်။
သူက အခုကိစ္စအပြီး ဘရီတန်ဆီ ဆက်သွယ်ခဲ့ပြီး ဘရီတန် အားထုတ် လုပ်ဆောင်ခဲ့သမျှအတွက် ကျေးဇူးတင်တဲ့အကြောင်း အသိပေး ပြောကြားခဲ့တယ်လို့လည်း မာခရွန်က ဆိုပါတယ်။
ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဗန်ဒါလီယန်ကလည်း ဥရောပရဲ့ အားကောင်းစုံလင်တဲ့ ဒီမိုကရေစီ သွင်ပြင်တွေမှာ လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာက အခြေခံ အကျဆုံး ဖောင်ဒေးရှင်းဖြစ်ပြီး အဲဒီအတွက် ဂုဏ်ယူစွာ ကာကွယ်သွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: Guardian


















































