ဒရုန်းတွေ စေလွှတ်ပြီး အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ထိုင်းရဲ့ စွပ်စွဲချက်ကို ကမ္ဘောဒီးယားက ငြင်းဆန်ခဲ့ပါတယ်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ဒရုန်းအစင်းရေ ၂၅၀ ကျော်ကို ထိုင်းပိုင်နက်ထဲ စေလွှတ်ခဲ့တယ်ဆိုတဲ့ ထိုင်းစစ်တပ်ရဲ့ စွပ်စွဲချက်ကို ပယ်ချသွားပါတယ်။ အဲဒီစွပ်စွဲချက်ဟာ လုံးဝဥဿုံ မှားယွင်းတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး မာလီ ဆိုချီယက်တာက ပြောပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်တလျှောက်မှာ သီတင်း ၃ ပတ်လောက် စစ်ဖြစ်ခဲ့တဲ့နောက် တရုတ်၊ အမေရိကန် နဲ့ မလေးရှားတို့ရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အပစ်ရပ်ခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ ကမ္ဘောဒီးယားကဒရုန်း ၂၅၀ ကျော်ကို ထိုင်းလေပိုင်နက်ထဲ စေလွှတ်ပြီး အပစ်ရပ် ကတိကဝတ်တွေကို အတိအလင်း ချိုးဖောက်ခဲ့ကြောင်း ထိုင်းက စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ထိုင်းကလည်း ကမ္ဘောဒီးယား စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးမယ့် ကိစ္စကိုပြန်စဉ်းစားရတော့မယ်လို့ထိုင်းစစ်တပ်က ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement
ဆိုချီယက်တာကတော့ ကမ္ဘောဒီးယားဟာ အရင်တစ်ကြိမ် စစ်ရေး ပဋိပက္ခတုန်းကရော၊ လောလောလတ်လတ် ပြဿနာမှာပါ ထိုင်းနဲ့ ညှိနှိုင်း ရယူခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုတွေကို အပြည့်အဝ လေးစားလိုက်နာခဲ့ပြီး ဘယ်တုန်းကမှ မချိုးဖောက်ခဲ့ဘူးလို့ ပြောပါတယ်။
ဒါကြောင့် ထိုင်းလေပိုင်နက်ထဲကို ကမ္ဘောဒီးယားက ဒရုန်းအစင်း ၂၅၀ ကျော် လွှတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်က မမှန်ကန်သလို ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ အခိုင်အမာ ငြင်းဆိုကြောင်း သူက ဆက်ပြီး ပြောကြားသွားပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းပွားမှုတွေကို အကြောင်းပြုပြီး ဇူလိုင်လကုန်ပိုင်းက ၅ ရက်ကြာ စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အပစ်ရပ် သဘောတူညီမှု ပြန်လည် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ဒီဇင်ဘာ ၇ ရက်မှာနောက်တစ်ကြိမ် တိုက်ပွဲတွေ ပြန်စခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဒုတိယအကြိမ် အပစ်ရပ်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Kiripost


















































