၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ တာဝန်ထမ်းဆောင်ရင်း အသက်ပေးခဲ့ရတဲ့ ဂျာနယ်လစ် ၁၃၀ နီးပါးထိ ရှိခဲ့ကြောင်း သိရပါတယ်။
ဂျာနယ်လစ်များ အဖွဲ့ချုပ် (IFJ)က စုစုပေါင်း ဂျာနယ်လစ် ၁၂၈ ဦးထိ ပြီးခဲ့တဲ့နှစ်မှာ အသက်ပေးခဲ့ရကြောင်း၊ အဲဒီထဲက ထက်ဝက်နီးပါးဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အခြေစိုက်သူတွေဖြစ်ကြောင်း ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိန်းဂဏန်းဟာ ၂၀၂၄ ကထက် မြင့်တက်လာတာ ဖြစ်ကြောင်း၊ ပြီးတော့ ကိန်းဂဏန်း အချက်အလက် သက်သက် မဟုတ်ဘဲ မီဒီယာ နယ်ပယ်ထဲက လုပ်ဖော်ကိုင်ဖက်တွေအတွက် အချက်ပေး ခေါင်းလောင်းသံလည်း ဖြစ်ကြောင်း IFJရဲ့ အတွင်းရေးမှူးချုပ် အန်သိုနီ ဘယ်လန်ဂါက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ပါလက်စတိုင်း နယ်မြေတွေထဲမှာ ဂျာနယ်လစ် စုစုပေါင်း ၅၆ ဦးထိ သေဆုံးခဲ့ပါတယ်။ နယ်နိမိတ် အကန့်အသတ်နဲ့ ဧရိယာ တစ်ခုမှာ အချိန်တိုအတွင်း အဲဒီလောက် ဂျာနယ်လစ်တွေ အများကြီး သေဆုံးတာမျိုး အရင်က မကြုံခဲ့ဖူးဘူးလို့ ဘယ်လန်ဂါက ဆိုပါတယ်။

Public Service Announcement
ယီမင်၊ ယူကရိန်း၊ ဆူဒန်၊ ပီရူး၊ အိန္ဒိယနဲ့ တခြားနိုင်ငံတွေမှာလည်း သတင်းထောက်တွေ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
နောက်ပြီး ၂၀၂၅ ခုနှစ် ကုန်ဆုံးချိန်ထိ ကမ္ဘာတလွှားမှာ ဖမ်းဆီး ထောင်ချခံထားရတဲ့ ဂျာနယ်လစ် ၅၃၃ ဦးထိ ရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီထဲကမှာ ၁၄၃ ယောက်ဟာ တရုတ်နဲ့ တရုတ်ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟောင်ကောင်မှာ အကျဉ်းကျနေကြတာပါ။ တရုတ်ဟာ ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
ကမ္ဘာတလွှားမှာ သတင်းထောက်တွေ၊ ဂျာနယ်လစ်တွေ သေဆုံးမှုကို နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကလည်း ထုတ်ပြန်လေ့ ရှိပေမယ့် IFJရဲ့ ကိန်းဂဏန်းတွေက ပိုများပါတယ်။
နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ၂၀၂၅ ခုနှစ်အတွင်း သတင်းလုပ်ငန်း ဆောင်ရွက်ရင်း သေဆုံးတဲ့ ဂျာနယ်လစ် ၆၇ ဦးရှိတယ်လို့ ဖော်ပြခဲ့ပြီး ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)ရဲ့ စာရင်းမှာတော့ ၉၃ ဦးလို့ ရေတွက်ထားကြောင်း သိရပါတယ်။
ကိုးကား: AFP

















































