ဂရင်းလန်ကျွန်းကို သိမ်းယူချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့ နိုင်ငံတွေအပေါ် သွင်းကုန်အခွန် စည်းကြပ်မှုတွေ မြှင့်တင်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။
သူရည်ညွှန်းတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်တွေတောင် ပါဝင်နေတာ ဖြစ်ပါတယ်။ ထရမ့်ဟာ အိမ်ဖြူတော်ဆီ တကျော့ပြန် ရောက်လာကတည်းက သွင်းကုန်အခွန် တိုးမြှင့်မှုတွေကို ပြိုင်ဘက်တွေရော၊ မိတ်ဖက်တွေ အပေါ်မှာပါ နိုင်ငံရေး အသာစီးယူတဲ့ လက်နက်တစ်ခုလို အသုံးချနေခဲ့တာပါ။
ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ ထရမ့်က သူ့ရဲ့ အထူးရည်မှန်းချက် တစ်ခုဖြစ်တဲ့ ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်ထဲ သိမ်းသွင်းရေးမှာ ကြားဝင် ကန့်ကွက်တဲ့ နိုင်ငံတွေကိုလည်း အဲဒီနည်းလမ်းနဲ့ ဖိအားပေး အရေးယူမယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
အာတိတ်ဒေသက ရေခဲဖုံးလွှမ်းနေရာ ကျွန်းကြီးဟာ ဒိန်းမတ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး ထရမ့်ကတော့ အမေရိကန်ရဲ့ မဟာဗျူဟာ အကျိုးစီးပွားအတွက် ဂရင်းလန်ကို မဖြစ်မနေ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။ ပြီးတော့ ဂရင်းလန်ကို ရယူချင်တဲ့ သူ့ဆန္ဒအတွက် အနုနည်းဖြစ်ဖြစ်၊ အကြမ်းနည်းဖြစ်ဖြစ် သုံးစွဲဖို့ ဝန်လေးနေမှာ မဟုတ်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
ဒိန်းမတ်ဟာ NATO စစ်မဟာမိတ် နိုင်ငံတစ်ခုဖြစ်ပြီး ဂရင်းလန်ကို အမေရိကန်ဆီ လက်လွှဲပေးဖို့ လုံးဝ ဆန္ဒမရှိကြောင်း အတိအလင်း ပြောကြားထားပါတယ်။ အလားတူ ဒိန်းမတ်နဲ့ အမေရိကန်ရဲ့ မဟာမိတ် ဥရောပ နိုင်ငံတွေကလည်း ဂရင်းလန်အရေးမှာ ဒိန်းမတ်ဖက်က အခိုင်အမာ ရပ်တည်နေကြပြီး ထရမ့်ကို ဖီဆန်တဲ့ အနေနဲ့ ဂရင်းလန်ကျွန်းဆီ တပ်တွေပါ စေလွှတ်ပြီး ဖြန့်ကျက်ပေးနေပါတယ်။
အိမ်ဖြူတော်က အစည်းအဝေး တစ်ခုမှာတော့ ထရမ့်က ဂရင်းလန်ကိစ္စမှာ အမေရိကန် အလိုကို မလိုက်ချင်တဲ့ နိုင်ငံတွေကိုလည်း သူက အခွန်စည်းကြပ်မှုတွေ မြှင့်တင်ပြီး တုံ့ပြန်ဖို့ စဉ်းစားနေကြောင်း ထည့်သွင်း ပြောဆိုသွားပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံတွေကို ပစ်မှတ်ထားသလဲ၊ ဘယ်လို လုပ်ပိုင်ခွင့် အကြောင်းပြချက်ကို အသုံးပြုပြီး အခွန်တွေ ထပ်တိုးမလဲ ဆိုတာတွေကိုတော့ ထရမ့်က အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။
ထရမ့်က ဂရင်းလန်ကို ရအောင်ယူမယ်လို့ တွင်တွင်ပြောနေပေမယ့် မိတ်ဖက်တွေ အပါအဝင် နိုင်ငံ အများအပြားက ရှုတ်ချဆန့်ကျင်နေသလို အမေရိကန်မှာ အဲဒီကိစ္စ အလုပ်ဖြစ်နိုင်ခြေအပေါ် သံသယတွေ ရှိနေပါတယ်။ အခုသီတင်းပတ်ထဲမှာတော့ အမေရိကန် လွှတ်တော်ထဲက ဘက်မလိုက် အင်အားစုတွေဟာ ဂရင်းလန်ကို သွားရောက်ပြီး အခုပြဿနာမှာ ဒိန်းမတ်၊ ဂရင်းလန်တို့နဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့ပါတယ်။
အဲဒီ ၁၁ ဦးပါ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့ထဲမှာ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေတောင် ပါဝင်ခဲ့ကြပါတယ်။ သူတို့က အမျိုးသား လုံခြုံရေးကိစ္စကို အကြောင်းပြပြီး ဂရင်းလန်ကို သိမ်းယူချင်နေတဲ့ ထရမ့်ရဲ့ သဘောထားအတွက် စိုးရိမ်ကြောင်း ပြောကြားထားပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဒိန်းမတ် ဝန်ကြီးချုပ် မက်တေး ဖရက်ဒရစ်ဆန်၊ ဂရင်းလန် ဝန်ကြီးချုပ် ဂျန်းစ် ဖရက်ဒရစ်ခ် နီးလ်ဆန်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အဲဒီ ကိုယ်စားလှယ် အစုအဖွဲ့ကို ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် ခရစ္စကွန်းစ်ကတော့ ခရီးစဉ် အတောအတွင်း ဒေသခံ ပြည်သူတွေရဲ့ သဘောထား ဆန္ဒနဲ့ အသံတွေကို သေချာနားထောင်ပြီး ဝါရှင်တန် ဒီစီ မြို့တော်ဆီ ပြန်လည် လက်ဆင့်ကမ်း ယူဆောင်သွားမှာ ဖြစ်ကြောင်း၊ သူတို့ရဲ့ အားထုတ်မှုဟာ လက်ရှိ ဆူပွက်နေမှုတွေကို အရှိန်ပြန်လျော့သွားစေဖို့ မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကျွန်းဖြစ်တဲ့ ဂရင်းလန်ဟာ နေရာအများစု ရေခဲဖုံးပြီး လူနေ ကြဲပါးပေမယ့် တည်နေရာအရ အချက်အခြာကျသလို မတို့မထိရသေးတဲ့ သဘာဝတွင်းထွက် သယံဇာတတွေ အရမ်းကြွယ်ဝတာကြောင့် ထရမ့်က မျက်စိကျနေတာပါ။ ဂရင်းလန်မှာ အမေရိကန် စစ်စခန်း တစ်ခုကိုလည်း ဒိန်းမတ် အစိုးရက အခြေစိုက်ခွင့် ပေးထားပေမယ့် ထရမ့်ကတော့ အဲဒီအခြေအနေဟာ မြေငှားပြီး နေရတာနဲ့ တူနေပြီး အမေရိကန်အတွက် မလုံလောက်ကြောင်း၊ ဂရင်းလန်ကို အမေရိကန်ကသာ မထိန်းချုပ်နိုင်ရင် နောင်တစ်ချိန်မှာ ရုရှားနဲ့ တရုတ်တို့က သိမ်းယူသွားနိုင်ကြောင်း ပြောကြားထားပါတယ်။
ကိုးကား: AFP

















































