ဇန်နဝါရီ – ၂၁ ၊၂၀၂၆
သမ္မတဒေါ်နယ်လ်ထရမ့်စီးနင်းလိုက်ပါလာတဲ့အမေရိကန်သမ္မတ စီးတော်လေယာဉ် Air Force Oneဟာ ပျံတက်ချိန်မှာ ပြဿနာ အသေးအမွှားတစ်ခု ကြုံခဲ့ပေမယ့် နောက်ကြောင်းပြန်လှည့်ပြီး ဘေးကင်းကင်းနဲ့ ပြန်လည် ဆင်းသက်နိုင်ခဲ့ပါတယ်။
Air Force Oneဟာ ဇန်နဝါရီ ၂၀ ညပိုင်းက ပျံတက်သွားတဲ့နောက် အီလက်ထရောနစ်ဆိုင်ရာ ပြဿနာ အသေးစား တစ်ခုကို ထောက်လှမ်း တွေ့ရှိခဲ့တဲ့အတွက်ဝါရှင်တန်နဲ့ သိပ်မဝေးတဲ့ အန်ဒရူးစ် စစ်စခန်းမှာ ဆင်းသက်ခဲ့ရပါတယ်။
အဲဒီနောက် နောက်ထပ် Air Force One တစ်စီးနဲ့ အပြောင်းအလဲလုပ်ဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
လေယာဉ် အပြောင်းအလဲ လုပ်ပြီးရင် မူလစီစဉ်ထားတဲ့အတိုင်း ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗော့စ်မြို့မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် အစည်းအဝေး တက်ရောက်ဖို့ထရမ့်ကဆက်လက်ထွက်ခွာမယ်လို့အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ပြောကြားသွားပါတယ်။
အမေရိကန် သမ္မတနဲ့ ဒုတိယ သမ္မတတွေ စီးနင်းလိုက်ပါကြတဲ့ Air Force One၊ Air Force Two လေယာဉ်တွေ ပျံသန်းနေရင်း ပြဿနာ ကြုံတာမျိုးက အရမ်းရှားပေမယ့် လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတော့လည်း မဟုတ်ပါဘူး။
၂၀၁၁ တုန်းက အမေရိကန် သမ္မတ ဘာရတ် အနုဘားမား စီးနင်းလိုက်ပါလာတဲ့ Air Force Oneဟာ ရာသီဥတု ဆိုးလာတာကြောင့် ကွန်နက်တီကက်မှာ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။
နောက်တစ်နှစ်မှာတော့ အဲဒီတုန်းက အိုဘားမားရဲ့ ဒုတိယ သမ္မတအဖြစ် တာဝန်ယူနေခဲ့သူ ဂျိုးဘိုင်ဒန် ပါလာတဲ့ Air Force Two လေယာဉ်ဟာ ငှက်အုပ်နဲ့ ဝင်တိုက်မှု (Bird strike) ဖြစ်စဉ်ကြောင့် ကယ်လီဖိုးနီးယားမှာ အရေးပေါ် ဆင်းသက်ခဲ့ရပေမယ့် ပြဿနာ ကြီးကြီးမားမားတော့ မရှိခဲ့ပါဘူး။
မနှစ်က စက်တင်ဘာ ၁၈ ရက်နေ့တုန်းက ထရမ့်နဲ့ ဇနီးဖြစ်သူ မယ်လာနီယာ ထရမ့်တို့ စီးနင်းလိုက်ပါလာခဲ့တဲ့ သမ္မတ စီးတော် ရဟတ်ယာဉ် Marine One တစ်စီးဟာလည်း ဗြိတိန် အလည်အပတ် ခရီးစဉ်အတွင်း ဟိုက်ဒရောလစ် ပြဿနာ အသေးစား တစ်ခုကြောင့် ကြိုတင် စီစဉ်မထားတဲ့ နေရာတစ်ခုမှာ အရေးပေါ် ဆင်းသက်ခဲ့ရဖူးပါတယ်။
အဲဒီတုန်းကလည်း အရန်သင့် ပြင်ထားတဲ့ နောက်ထပ် Marine One တစ်စီးက ထရမ့်တို့ ဇနီးမောင်နှံကို လိုရာခရီး ဆက်နိုင်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။
ကိုးကား ၊ ဓာတ်ပုံ – Reuters


















































