နျူကလီးယား စစ်လက်နက် ၁၀ ခုကနေ ၂၀ လောက်ထိ တည်ဆောက်လို့ရတဲ့ သတ္တုသန့်စင်မှုတွေကို မြောက်ကိုရီးယားက နှစ်စဉ် လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယား သမ္မတ လီဂေမြောင်က ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ အိမ်နီးချင်းနဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်မှာ ပထမဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်ခဲ့ပြီး အခုအခါ နျူကလီးယား ဒုံးကျည်ထိပ်ဖူးတွေ ဒါဇင်နဲ့ချီ ပိုင်ဆိုင်နေပြီလို့ ယုံကြည်ရပါတယ်။
လီကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် ရည်မှန်းချက်တွေဟာ ကမ္ဘာကြီးအတွက် အန္တရာယ် ဖြစ်စေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ အဓိပတိ ကင်မ်ဂျုံအွန်း ဦးဆောင်နေတဲ့ ကွန်မြူနစ် အစိုးရဟာ နိုင်ငံရဲ့ လုံခြုံရေး အာမခံချက်အတွက် နျူကလီးယား လက်နက်နည်းပညာကို ပုံအောပြီး အားကိုးဖို့ ရည်ရွယ်ထားပါတယ်။
လက်ရှိ အချိန်ထိလည်း မြောက်ကိုရီးယားဟာ တစ်နှစ်ကို နျူကလီးယား လက်နက်အသစ် ၁၀ ခုကနေ ၂၀ လောက်ထိ တည်ဆောက်နိုင်လောက်တဲ့ သတ္တုသန့်စင်မှုနဲ့ အစိတ်အပိုင်း ထုတ်လုပ်မှုတွေ ဆက်ပြီး လုပ်ဆောင်နေတယ်လို့ လီက ပြောကြားခဲ့ပါတယ်။

Public Service Announcement
မြောက်ကိုရီးယား အစိုးရဟာ ဆက်လက်ရှင်သန် တည်မြဲဖို့ဆိုရင် နျူကလီးယား လက်နက်တိုက်က မရှိမဖြစ် လိုအပ်တယ်လို့ ယူဆနေကြောင်း၊ တစ်ချိန်တည်းမှာပဲ တိုက်ချင်းပစ် ဒုံးကျည် တိုက်ခိုက်ရေး စွမ်းရည်တွေကို မြှင့်တင်နေကြောင်း၊ ဒါပေမဲ့ အဲဒီ လုပ်ရပ်ဟာ မြောက်ကိုရီးယားရဲ့ ခါးသီးရန်ဘက်ဖြစ်တဲ့ အမေရိကန်ကိုသာ မကဘဲ တစ်ကမ္ဘာလုံးကိုပါ အန္တရာယ် ပေးလာနိုင်ကြောင်း လီက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ကြုံနေရတဲ့တိုင် နျူကလီးယားလက်နက်နဲ့ အဆင့်မြင့် တိုက်ချင်းပစ် ဒုံးကျည်တွေ ပိုင်ဆိုင်ရေးကို အစဉ်တစိုက် အားထုတ် အကောင်အထည် ဖော်ခဲ့ပါတယ်။ အဲဒီ ဖျက်အားပြင်း လက်နက်တွေ ပိုင်ဆိုင်ထားရတဲ့ ရည်ရွယ်ချက်ဟာ အမေရိကန်နဲ့ မဟာမိတ်တွေက မြောက်ကိုရီးယား အစိုးရကို အင်အားသုံး ပြောင်းလဲပစ်ဖို့ ကြံစည်နေတာတွေကို တားဆီးဖို့ ဖြစ်တယ်လို့လည်း မြောက်ကိုရီးယားက အကြောင်းပြချက် ပေးထားပါတယ်။
လီဟာ တောင်ကိုရီးယားမှာ သမ္မတ ဖြစ်လာချိန် ကတည်းက မြောက်ပိုင်းက ပြိုင်ဘက်နိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည် မြှင့်တင်ပြီး ရင်ကြားစေ့နိုင်ရေး ကြိုးပမ်းနေသူ ဖြစ်ပါတယ်။ သူက မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ရေးကို တောင်းဆိုနေမယ့်အစား ပိုပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုအဖြစ် လက်နက် အသစ်တွေ တည်ဆောက်နိုင်တဲ့ ပစ္စည်းတွေ ထုတ်လုပ်မှုကို ရပ်ဆိုင်းစေဖို့ ညှိနှိုင်းမှုမျိုးကို ဦးစားပေးသင့်ကြောင်းလည်း မှတ်ချက် ပြုခဲ့ပါတယ်။ အဲဒီသဘောတူညီမှုမျိုးကတောင် တောင်ကိုရီးယားကိုလည်း အကျိုးကျေးဇူး ဖြစ်ထွန်းစေမယ်လို့ လီက ပြောပါတယ်။
လက်ရှိ အချိန်ထိတော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားရဲ့ ပြန်လည် သင့်မြတ်ရေး ကမ်းလှမ်းမှုတိုင်းကို ငြင်းပယ်နေပေမယ့် လီက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အနေနဲ့ တစ်ချိန်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ လူချင်းတွေ့ဆုံခဲ့တာမျိုး နည်းလမ်းတစ်ခုခုနဲ့ ကြားဝင် ညှိပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း လီက မှတ်ချက်ပေးသွားပါတယ်။
ထရမ့်ဟာ သူ့ရဲ့ သမ္မတသက်တမ်း ပထမလေးနှစ်အတွင်း ကင်မ်နဲ့ နှစ်ကြိမ် လူချင်းတွေ့ခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ အဲဒီ ညှိနှိုင်းမှုတွေက မအောင်မြင်ခဲ့သလို နောက်တော့ မြောက်ကိုရီးယားဟာ နျူကလီးယား လမ်းကြောင်းဆီ ပြန်လည် ဦးတည်သွားခဲ့ပါတယ်။
ကိုးကား: AFP


















































