မိကျောင်းတွေ့လို့ စင်ကာပူက အပန်းဖြေ ကမ်းခြေ ၃ ခုမှာ ရေထဲဆင်းခွင့်ကို ယာယီ ပိတ်ပင်ထားလိုက်ကြောင်း သိရပါတယ်။
ဆန်တိုဆာမြို့က ဆန်တိုဆာကို့ဗ် ကမ်းခြေမှာ ဇန်နဝါရီ ၃၁ ရက်နေ့က မိကျောင်းတစ်ကောင်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဆန်တိုဆာရဲ့ အဓိက ကမ်းခြေ သုံးခုမှာ ရေကူးတာတွေ၊ ကယက်လှေ လှော်ခတ်တာတွေကို ခွင့်မပြုဘဲ တားဆီးထားပြီး မိကျောင်းကို လိုက်ရှာနေကြတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ တာဝန်ရှိသူတွေက ဆီလိုဆို၊ ပါလာဝမ်နဲ့ တန်ဂျောင် ကမ်းခြေတွေကို နောက်ထပ် ထုတ်ပြန်ချက်အသစ် တစ်ခုခု မကြေညာခင်အထိ ဆက်ပြီး ပိတ်ထားဦးမယ်လို့ ပြောကြားခဲ့ပါတယ်။
ဆန်တိုဆာကို့ဗစ်မှာရှိတဲ့ Oceanfrontမှာ နေထိုင်တဲ့ ရုရှား အမျိုးသမီး ဆာရှာ ဇူကိုဗာက သူနဲ့ သူငယ်ချင်း နှစ်ယောက်ဟာ နေအိမ်ရဲ့ ဝရန်တာကနေ ကမ်းခြေဖက် လှမ်းကြည့်ရင်း ရေထဲမှာ တစ်ခုခု ရှိနေတာကို သတိပြုမိခဲ့ကြောင်း ပြောပါတယ်။ သူ့သူငယ်ချင်း တစ်ယောက်က အဲဒါဟာ လှေတစ်စီးစီးရဲ့ လှော်တက် ဖြစ်နိုင်တယ်လို့ ပြောပေမယ့် သူက မယုံဘဲ ဖုန်းကင်မရာနဲ့ အကြီးချဲ့ကြည့်လိုက်မှ မိကျောင်းဖြစ်နေမှန်း တွေ့ရှိခဲ့ကြောင်း ဇူကိုဗာက ဆိုပါတယ်။

Public Service Announcement
ရုရှားမှာ မိကျောင်းမရှိဘဲ တိရစ္ဆာန်ရုံထဲမှာသာ တွေ့နိုင်ကြောင်း၊ အပြင်လောကမှာ အခုလို တွေ့ဖူးတာက တော်တော်လေး စိတ်လှုပ်ရှားစရာ ဖြစ်နေကြောင်း သူက ဆက်ပြောပါတယ်။ ပထမတော့ သူတို့ရဲ့ တွေ့ရှိမှုကြောင့် ပျော်သွားကြပေမယ့် ဒီကိစ္စက အန္တရာယ် ဘယ်လောက်ကြီးတယ် ဆိုတာကို သတိရသွားချိန်မှာ ဇူကိုဗာတို့ အဖွဲ့ဟာ အာဏာပိုင်တွေဆီ ဆက်သွယ် အကြောင်းကြားခဲ့ပါတယ်။
စင်ကာပူမှာ နေထိုင်ရတာ ဘေးကင်းလုံခြုံတယ်လို့ အမြဲတမ်း ခံစားမိခဲ့ကြောင်း၊ ဒါပေမဲ့ နောက်ထပ် လနည်းနည်း ကြာတဲ့ထိ ကမ်းခြေမှာ ရေထဲ ဆင်းဖြစ်တော့မယ် မထင်ကြောင်း ဇူကိုဗာက ဆက်ပြောပါတယ်။
ကမ်းခြေ ၃ ခုရဲ့ သဲသောင်ပေါ် သွားလာတာမျိုးတွေကို ပုံမှန် ခွင့်ပြုထားပေမယ့်လည်း ရေထဲဆင်းတာကိုတော့ တားမြစ်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီ ကမ်းခြေတွေမှာ မိကျောင်းတွေ့ရှိထားလို့ ရေထဲမဆင်းဖို့ သတိပေး ဆိုင်းဘုတ်တွေကိုလည်း လိုက်လံ စိုက်ထူထားပါတယ်။
ပါလာဝမ် ကမ်းခြေမှာတော့ ရေထဲမဆင်းရလို့ စိတ်ပျက်နေတဲ့ ဧည့်သည်တချို့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က သောင်ပြင်ပေါ် ဖျာခင်းပြီး လှဲလျောင်းနေသလို တချို့ကလည်း လမ်းလျှောက်နေခဲ့ကြပါတယ်။ ကမ်းခြေက အသက်ကယ် ဝန်ထမ်းတွေကလည်း လူတွေ ပင်လယ်ပြင်နား ကပ်သွားတာနဲ့ ဝီစီတွေမှုတ်ပြီး ရေထဲမဆင်းကြဖို့ အသံချဲ့စက်တွေနဲ့ အော်ပြောပြီး သတိပေးနေခဲ့ပါတယ်။
စင်ကာပူမှာ၊ အထူးသဖြင့် လမုတောတွေနဲ့ ဆက်စပ်တဲ့ ကမ်းရိုးတန်းတွေမှာ ရေငန် မိကျောင်းတွေ ကျက်စားနေထိုင်ကြပါတယ်။ စင်ကာပူမှာ မိကျောင်းတွေက အရေအတွက် အရမ်းမများပေမယ့် စားကျက်မြေတွေကို စနစ်တကျ ထိန်းသိမ်းပြီး ဥပဒေတွေနဲ့ အကာအကွယ် ပေးမှုကို ရရှိထားကြပါတယ်။
ကိုးကား: CNA





















































