Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝန်ထမ်းအင်အား ၃၀၀ လောက် လျှော့ချမယ့် ဝါရှင်တန်ပို့စ်

အမေရိကန်ရဲ့ အစဉ်အလာ ကြီးမားခဲ့တဲ့ သတင်းဌာနကြီး တစ်ခုဖြစ်တဲ့ ဝါရှင်တန်ပို့စ်ဟာ ဝန်ထမ်းအင်အား စုစုပေါင်း သုံးပုံတစ်ပုံ နီးပါးလောက်ကို ဖြတ်တောက် လျှော့ချခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်ရဲ့ အစဉ်အလာ ကြီးမားခဲ့တဲ့ သတင်းဌာနကြီး တစ်ခုဖြစ်တဲ့ ဝါရှင်တန်ပို့စ်ဟာ ဝန်ထမ်းအင်အား စုစုပေါင်း သုံးပုံတစ်ပုံ နီးပါးလောက်ကို ဖြတ်တောက် လျှော့ချခဲ့ကြောင်း သိရပါတယ်။

ဝန်ထမ်းအင်အား ၈၀၀ ကျော်ရှိတဲ့ သတင်းခန်းထဲမှာ ၃၀၀ လောက်ကို လျှော့ချပစ်မယ်ဆိုတဲ့ အကြောင်းကို အမှုဆောင် အယ်ဒီတာ မတ်မာရေးက မနက်ပိုင်း အွန်လိုင်းကနေ ပုံမှန် ပြုလုပ်တဲ့ zoom အစည်းအဝေး တစ်ခုမှာ ရုတ်တရက် အသိပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ဝန်ထမ်းတွေကို အလုပ်က ထုတ်ပယ်တာဟာ သတင်းခန်းကို အကြီးစား ပြန်လည် ပြင်ဆင် ဖွဲ့စည်းမှုရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်တယ်လို့ သူက ပြောပါတယ်။ အလုပ်ထုတ်ခံရမယ့်ထဲမှာ အားကစား၊ စာအုပ်အညွှန်း ကဏ္ဍမျိုးတွေက ဂျာနယ်လစ်တွေ၊ ပြည်ပ အခြေစိုက် ဗျူရိုတွေမှာ ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေ ပါဝင်မယ်လို့ သိရပါတယ်။

ဝါရှင်တန်ပို့စ် သတင်းစာရဲ့ နေ့စဉ် podcast အစီအစဉ်ဖြစ်တဲ့ Post Reportsကိုလည်း ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ဝါရှင်တန်ပို့စ်ဟာ ဘဏ္ဍာရေး အရှုံးပေါ်မှု၊ ခေါင်းဆောင်နေရာ အပြောင်းအလဲ၊ အငြင်းပွားစရာ အယ်ဒီတာ မူဝါဒလိုမျိုး အရှုပ်အထွေးတွေနဲ့ ရုန်းကန်ခဲ့ရပြီးတဲ့နောက် နှစ်ပေါင်းအတော်များများအတွင်း ပမာဏ အများဆုံး ဝန်ထမ်းဦးရေ ဖြတ်တောက် လျှော့ချမှုဆီ ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ထမ်း ၃၀၀ လောက်ကို အလုပ်ထုတ်မယ့်အကြောင်း အသိပေးပြီးတဲ့နောက် ပေးပို့တဲ့ အီးမေးလ်ထဲမှာတော့ မာရေးက ဝါရှင်တန်ပို့စ်ရဲ့ လက်ရှိ ဘဏ္ဍာရေး စိန်ခေါ်မှုတွေကြောင့် ဒီဆုံးဖြတ်ချက်ကို မလွှဲမရှောင်သာ ရွေးချယ်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်လာမှုက သတင်းစာထဲက အချက်အလက်တွေကို အွန်လိုင်းကနေ ရှာဖွေ ဖတ်ရှုမှုတွေကို သိသိသာသာ ယုတ်လျော့ ကျဆင်းလာစေခဲ့တယ်လို့ မာရေးက ဆိုပါတယ်။

အဆုံးမှာတော့ သတင်းစာရဲ့ လည်ပတ်ပုံဟာ ကွဲပြားတဲ့ ခေတ်ကာလ တစ်ခုမှာ အရမ်းရှေးရိုးဆန်ပြီး အမြစ်တွယ်နေတယ်လို့ ကောက်ချက် ချခဲ့ကြောင်း၊ ဝါရှင်တန်ပို့စ်ဟာ ပုံနှိပ်ခေတ် မီဒီယာ လောကကို လွှမ်းမိုးထားနိုင်တဲ့ အခြေအနေမှာ ကျန်နေခဲ့ကြောင်း သူက အီးမေးလ်ထဲမှာ ရေးထားပါတယ်။ သတင်းခန်းကို ပြင်ဆင် ဖွဲ့စည်းခြင်းက သတင်းဌာနရဲ့ အနာဂတ် မီဒီယာ မစ်ရှင်တွေကို လုံခြုံစေပြီး တည်တည်ငြိမ်ငြိမ် ရှေ့ဆက်နိုင်စေဖို့ မျှော်လင့်ကြောင်းလည်း သူက မှတ်ချက်ပြုထားခဲ့ပါတယ်။

သူက ဝါရှင်တန်ပို့စ်ရဲ့ တင်ပြမှုအပိုင်းတချို့၊ ဥပမာ ဗီဒီယိုတွေဟာ ပြောင်းလဲလာတဲ့ သတင်းစားသုံးမှု ပုံစံတွေနဲ့ မကိုက်ညီတော့ဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း သတင်းထုတ်လုပ်မှု အပိုင်းကလည်း ကျဆင်းလာကြောင်း၊ ဝါရှင်တန်ပို့စ်ဟာ အကောင်းဆုံး ကြိုးစားပြီး အရည်အသွေးမြင့် ထုတ်ကုန်တွေ ဖန်တီးနေပေမယ့် ရှုထောင့် တစ်ခုတည်းက ချဉ်းကပ်ပြီး ပစ်မှတ်ထားတဲ့ စာဖတ်ပရိသတ်ကလည်း အကန့်အသတ် ကြီးလွန်းလာနေတယ်လို့ မာရေးက ထောက်ပြထားခဲ့ပါတယ်။

ထုတ်ပယ်ခံရမယ့် ဂျာနယ်လစ်တွေကတော့ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းနဲ့ မျိုးနွယ်စုတွေအကြောင်း၊ အမျိုးသား ကျန်းမာရေး၊ ဆန္ဒပြ လှုပ်ရှားမှု၊ တက်ကြွလှုပ်ရှားမှုနဲ့ အစွန်းရောက် ဝါဒ၊ မေရီလန်းပြည်နယ် ပညာရေးကဏ္ဍ၊ ကမ္ဘာ့ရာသီဥတု၊ မူးယစ်ဆေး စွဲမှု၊ အမျိုးသား မူဝါဒတွေနဲ့ သတင်းစာတိုက်ပိုင်ရှင် ဂျက်ဖ်ဘီဇော့စ်ရဲ့ တခြားလုပ်ငန်း တစ်ခုဖြစ်တဲ့ Amazonနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး သတင်းဖော်ပြနေသူတွေ ဖြစ်ပါတယ်။ နောက်ပြီး အရှေ့အလယ်ပိုင်း၊ ယူကရိန်း၊ တရုတ်၊ အာရှတောင်ပိုင်း၊ သမုဒ္ဒရာပိုင်းဇုန်နဲ့ ဥရောပ အလယ်ပိုင်း ဒေသတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြနေတဲ့ ပြည်ပ အခြေစိုက် ဂျာနယ်လစ်တွေ၊ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးဆိုင်ရာ သတင်းထောက်တွေလည်း အလုပ်ဖြုတ် ခံရမယ်လို့ သိရပါတယ်။

ဝါရှင်တန်ပို့စ် သတင်းစာဟာ ပိုင်ရှင်ဖြစ်သူ ဘီလီယံနာ သူဌေးကြီး ဘီဇော့စ်က အယ်ဒီတာပိုင်းမှာ ပါဝင်ခြယ်လှယ်ခဲ့တာတွေနဲ့ ပတ်သက်လို့လည်း အရှုပ်အထွေးတွေကို ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဝါရှင်တန်ပို့စ်ဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ သန်း ၁၀၀ အရှုံးပေါ်ခဲ့ပြီး ၂၀၂၃ မှာ ဒေါ်လာ ၇၇ သန်း ထပ်ပြီး ဆုံးရှုံးခဲ့ပါတယ်။ အရင်ကလည်း သတင်းစာရဲ့ ဝန်ထမ်းတွေကို တစ်သုတ်ချင်း လျှော့ချမှုတွေ ရှိခဲ့ဖူးပြီး အခုတစ်ကြိမ်ကတော့ အရေအတွက် အများဆုံး ဖြစ်လာခဲ့ပါတယ်။

ဝါရှင်တန်ပို့စ် သတင်းစာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ နီးပါး၊ ၁၈၇၇ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။ လက်ရှိ ပိတ်သိမ်းမှုတွေ မတိုင်ခင် သတင်းစာရဲ့ နိုင်ငံခြား အခြေစိုက် ဗျူရိုပေါင်း ၂၁ ခုထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: Politico

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သီရိလင်္ကာ ကမ်းလွန် ပင်လယ်ပြင်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်မှုဟာ အမေရိကန် လက်ချက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ ပထမဆုံး အကျအဆုံးတွေ ကြုံခဲ့တာဟာ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့်လို့ အမေရိကန်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံကရတဲ့ ယူ​ရေနီယံနမူနာကိုပြပြီး ​ရောင်းချဖို့ကြိုးစားခဲ့

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်းမိန်းကလေးကျောင်းတစ်ခုမှာလူအများအပြား သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အဖြေရှာနိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။