ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်မလာခင်မှာ လုပ်ကြံဖို့ ကြိုးစားခဲ့သူကို အမေရိကန် တရားရုံး တစ်ခုက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။
အသက် ၅၉ နှစ်အရွယ် ရိုင်ယန်ရုသ်ဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတုန်းက သမ္မတလောင်း ထရမ့်ကို ဖလော်ရီဒါ ပြည်နယ်ထဲက ဂေါက်ကွင်းတစ်ခုမှာ လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း စွဲချက်အတင် ခံခဲ့ရပါတယ်။ သူဟာ ပမ်းလ်ဘိချ် အနောက်ဖက်ခြမ်းမှာရှိတဲ့ ထရမ့်ပိုင် Trump Internationl Golf Clubထဲကို သေနတ် ယူဆောင်လာခဲ့ပြီး ချောင်းမြောင်း ပစ်ခတ်ဖို့ ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်။
ခြုံပုတ်တစ်ခုထဲကနေ ထွက်နေတဲ့ ရိုင်ဖယ် သေနတ်ပြောင်းကို လုံခြုံရေး အေးဂျင့်တစ်ယောက်က သတိထားမိရာက ရုသ်ရှိနေတဲ့ နေရာကို လှမ်းပြီးပစ်ခတ်ခဲ့တာကြောင့် လုပ်ကြံမှုကတော့ အထမမြောက်ခဲ့ပါဘူး။ ရုသ်က ထွက်ပြေးသွားခဲ့ပေမယ့် သိပ်မဝေးတဲ့ နေရာမှာပဲ အဖမ်းခံခဲ့ရပါတယ်။
ဒီကိစ္စအတွက် ရုသ်ကို ဖလော်ရီဒါမှာ စွဲချက်တင်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ ခရိုင်တရားသူကြီး အိုင်လင်း ကန်နွန်က ထောင်ဒဏ်တစ်သက် စီရင်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ရုသ်ဟာ လူတစ်ယောက်ရဲ့ အသက်ကို ကြိုတင်ကြံစည်ပြီး သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ ငြင်းစရာ မရှိဘူးလို့ တရားသူကြီးက ပြောပါတယ်။

Public Service Announcement
သံသယ တရားခံဟာ အမေရိကန်ရဲ့ အဓိက သမ္မတလောင်း တစ်ဦးကို လုပ်ကြံဖို့ လတွေနဲ့ချီ အချိန်ယူ ပြင်ဆင်ခဲ့ကြောင်း၊ အဲဒီ အကြံအစည် အထမြောက်ဖို့ လိုအပ်ရင် ဘယ်သူ့ကိုမဆို သတ်ပစ်ဖို့ထိတောင် တွေးထားခဲ့ကြောင်း၊ ဒါတင်မကဘဲ သူ့အမှားအတွက် နောင်တရတာ၊ ရှက်ရွံ့တာမျိုးလည်း လုံးဝ မရှိခဲ့ကြောင်း ကန်နွန်ရဲ့ စီရက်ချက်ထဲမှာ ထည့်သွင်း ရေးသားထားခဲ့ပါတယ်။
ရုသ်ရဲ့ ရှေ့နေဖြစ်သူ မာတင်ရော့စ်ကတော့ သူ့အမှုသည်အတွက် အယူခံ ဝင်သွားမယ်လို့ အတည်ပြုထားပါတယ်။ ရုသ်က သူ့မှာ အပြစ်မရှိကြောင်း ခုခံငြင်းဆိုပြီး အစောပိုင်းတုန်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ် လျှောက်လဲမယ်လို့ ပြောကြားခဲ့ပါတယ်။
ဟာဝိုင်ယီမှာ နေထိုင်တဲ့ မြောက်ကာရိုလိုင်းနား ဇာတိ ရုသ်ဟာ တရားစီရင် ကြားနားစစ်ဆေးခဲ့တဲ့ ကာလတလျှောက်လုံး ဂဏှာမငြိမ်တဲ့ အမူအယာတွေ မကြာခဏ ပြသခဲ့တယ်လို့လည်း ဆိုပါတယ်။ သူက ထွက်ဆိုချက်တွေထဲမှာ ထရမ့်နဲ့ ယှဉ်ပြိုင်ပြီး ဂေါက်ရိုက်လိုကြောင်း စိန်ခေါ်ခဲ့သလို ဒုတိယ ကမ္ဘာစစ်ကာလ နာဇီ ဂျာမန် ခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့နဲ့ ပတ်သက်တဲ့ မဆီမဆိုင် ရည်ညွှန်းပြောဆိုမှုတွေကိုလည်း လုပ်ခဲ့ပါတယ်။
ဂျူရီလူကြီးတွေထဲက တစ်ဦးက ရုသ်ဟာ ပြစ်မှုထင်ရှားတယ်လို့ တွေ့ရှိကြောင်း ပြောကြားချိန်မှာ သူက ဂျူရီရဲ့ လည်ပင်းကို ဘောပင်နဲ့ထိုးဖို့ အားထုတ်ခဲ့လို့ လုံခြုံရေးတွေက တရားခွင်ထဲကနေ ဆွဲထုတ်သွားခဲ့ရပါတယ်။
ထရမ့်ကို လုပ်ကြံဖို့ အားထုတ်မှုမှာ ရုသ်ဟာ ပစ်မှတ်ကို တိတိကျကျ ချိန်ရွယ်ခွင့် မရခဲ့ပေမယ့် ဆီမီးအော်တိုမက်တစ် ရိုင်ဖယ် တစ်လက်မှာ တာဝေး ချိန်ရွယ်နိုင်တဲ့ မှန်ပြောင်း၊ ကျည်ဆန် အများအပြား ထည့်နိုင်အောင် ချဲ့ထွင်ထားတဲ့ ကျည်ကတ်တွေကို သူပုန်းနေတဲ့ နေရာမှာ သိမ်းဆည်း ရမိခဲ့ပါတယ်။ ဒီအခြေအနေဟာ လုပ်ကြံမှုအတွက် စနစ်တကျ ကြိုပြင်ထားတယ်ဆိုတဲ့ ကောက်ချက်ကို ခိုင်မာစေကြောင်း ဂျူရီအဖွဲ့နဲ့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။
နောက်ဆက်တွဲ ရှာဖွေမှုတွေအရ ရုသ်ဟာ ထရမ့် သွားလာတတ်တဲ့ နေရာတွေနဲ့ အချိန်တွေကို စာရင်းတစ်ခု ရေးမှတ်ထားတာကိုလည်း ရှာတွေ့ခဲ့ပါတယ်။ စီရင်ချက် မတိုင်ခင် နောက်ဆုံးလျှောက်လဲမှုမှာတော့ ရုသ်ဟာ မဆိုင်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ အမေရိကန်နိုင်ငံ သမိုင်း၊ ရုရှား-ယူကရိန်းစစ်ပွဲ၊ လှေတစ်စီး ဝယ်ချင်တဲ့ သူ့ရဲ့ ဆန္ဒတွေကို လျှောက်ပြောနေတာကြောင့် တရားသူကြီးက ခဏခဏ ကြားဖြတ် ဟန့်တားခဲ့ရပါတယ်။
အစိုးရရှေ့နေအဖွဲ့ အကြီးအကဲ ဂျွန်ရှစ်ပလေက ဒီကိစ္စမှာ ရုသ်ဟာ သေနတ်ခလုတ်ကို အမှန်တကယ် ဆွဲနိုင်ဖို့ အရမ်းနီးစပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ အများကြီး ရှိခဲ့တယ်လို့ ပြောပါတယ်။
ဖလော်ရီဒါမှာ ဖြစ်ခဲ့တဲ့ ကိစ္စဟာ ၂၀၂၄ ခုနှစ်အတွင်း ထရမ့်ရဲ့ အသက်ကို လုပ်ကြံဖို့ ဒုတိယမြောက် အားထုတ်မှု ဖြစ်လာခဲ့ပါတယ်။ အဲဒီနှစ် ဇူလိုင်လတုန်းကလည်း ပင်ဆယ်လ်ဗေးနီးယားမှာရှိတဲ့ ဘတ္တလာမြို့မှာ မဲဆွယ် မိန့်ခွန်းပြောနေတဲ့ ထရမ့်ကို သေနတ်သမား တစ်ဦးက ချောင်းမြောင်း ပစ်ခတ်ခဲ့ပြီး ထရမ့်ကိုယ်တိုင် ပါးနဲ့ နားရွက်နားမှာ ဒဏ်ရာရခဲ့သလို လူအုပ်ထဲမှာ ရှိနေသူတစ်ဦး သေဆုံးခဲ့ပါတယ်။ အသက် ၂၀ အရွယ် သေနတ်သမား သောမတ်စ် ခရွတ်စ်ကိုတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ လုံခြုံရေး အေးဂျင့်တွေက ပစ်ခတ် ရှင်းလင်းခဲ့ပါတယ်။
ကိုးကား: BBC


















































