နှစ်ကုန်ပိုင်းလောက်မှာ အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက် လည်ပတ်နိုင်ခြေရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
သူက နှစ်ကုန်ပိုင်းကျရင် အိမ်ဖြူတော်မှာ ရှီကို ဧည့်ခံကြိုဆိုဖို့ စီစဉ်ထားကြောင်း ထရမ့်က ဆိုပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့တုန်းက NBC သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ ထရမ့်က ဒီအကြောင်းကို ပြောထားခဲ့တာပါ။ အဲဒီနေ့မှာပဲ သူဟာ ရှီနဲ့ ဖုန်းဆက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ယူကရိန်း စစ်ပွဲကိစ္စ၊ အီရန်နိုင်ငံနဲ့ ပတ်သက်တဲ့ တင်းမာမှုတွေနဲ့ ထိုင်ဝမ်ကိစ္စတို့လို ကျယ်ပြန့်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပါတယ်။
အမေရိကန်မှာ ထရမ့် သမ္မတဖြစ်လာတဲ့နောက် တရုတ်အပေါ် ရန်လိုတဲ့ ကုန်သွယ်ရေး မူဝါဒတွေ ကျင့်သုံးခဲ့ရာက ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုကြားမှာ ဆက်ဆံရေး တင်းမာမှုတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အကျိုးစီးပွားအရ နှစ်ဖက်စလုံး အထိနာလာတဲ့အတွက် အမေရိကန်နဲ့ တရုတ်တို့ဟာ ညှိနှိုင်းရေး လမ်းကြောင်းဆီ ပြန်လည် ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ဟာ ဧပြီလထဲမှာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ဆီ သွားရောက် လည်ပတ်ဖို့ ရှိနေပြီး အဲဒီနောက် နှစ်ကုန်ပိုင်းမှာ ရှီက ဝါရှင်တန်ဒီစီဆီ အလည်အပတ် လာရောက်မယ့် သဘောပါ။

Public Service Announcement
ထရမ့်နဲ့ NBCရဲ့ အင်တာဗျူးထဲက အပိုင်းတချို့ကို ဖေဖော်ဝါရီ ၈ ရက်နေ့က ဖော်ပြခဲ့ရာမှာတော့ ထရမ့်က ရှီဟာ အိမ်ဖြူတော်ကို ရောက်လာမှာဖြစ်ကြောင်း၊ နှစ်ကုန်ပိုင်းလောက်လို့ ယူဆရကြောင်း ထည့်ပြောထားပါတယ်။ သူက တရုတ်နဲ့ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အားအကောင်းဆုံး နိုင်ငံတွေဖြစ်ပြီး သိပ်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိနေတယ်လို့ ထရမ့်က ဆိုပါတယ်။
အမေရိကန်ကို ၂၀၂၃ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ဖူးတဲ့ ရှီဟာ ထရမ့်နဲ့ ဖုန်းပြောတဲ့ အချိန်တုန်းကတော့ ထိုင်ဝမ်ကို လက်နက် ရောင်းချတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်က အမြော်အမြင်ရှိရှိ ဆုံးဖြတ် ရွေးချယ်စေလိုကြောင်း သတိပေးခဲ့တယ်လို့ တရုတ် အစိုးရ မီဒီယာတွေက ထုတ်ပြန်ပါတယ်။
နှစ်ဖက်ကြားက အမြင်ကွဲပြားမှုတွေကို တစ်ခုချင်းစီ ဖြေရှင်းရင်း အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ယူရမှာ ဖြစ်ကြောင်း၊ တရုတ်နဲ့ အမေရိကန်တို့ဟာ အတူရှေ့ဆက်နိုင်မယ့် လမ်းကြောင်းမျိုးကို ညှိနှိုင်း ဖောက်လုပ်နိုင်ခြေ ရှိနေကြောင်း ရှီက ပြောခဲ့တယ်လို့ CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အမေရိကန်က တရုတ်၊ အမေရိကန်၊ ရုရှား သုံးနိုင်ငံ ပူးပေါင်းပါဝင်တဲ့ နျူကလီးယားလက်နက် ကန့်သတ်ထိန်းချုပ်ရေး ဆွေးနွေးမှုတွေ စတင်ဖို့ တိုက်တွန်း တောင်းဆိုခဲ့ပေမယ့် တရုတ်ကတော့ လက်ရှိ အခြေအနေတွေမှာ အဲဒီလို ဆွေးနွေးပွဲမျိုးမှာ ပါဝင်ဖို့အတွက် အဆင်သင့် မဖြစ်သေးကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – AP

















































