Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကလေးမွေးနှုန်း မြှင့်နိုင်အောင် ပြည်ပက အမျိုးသမီးတွေ တင်သွင်းသင့်ကြောင်း တောင်ကိုရီးယား အရာရှိပြော

ကလေးမွေးနှုန်း ကျဆင်းမှု ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံခြားသူ အမျိုးသမီးတွေ များများ တင်သွင်းသင့်ကြောင်း တောင်ကိုရီးယား အရာရှိ တစ်ဦးရဲ့ စကားကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ကလေးမွေးနှုန်း ကျဆင်းမှု ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံခြားသူ အမျိုးသမီးတွေ များများ တင်သွင်းသင့်ကြောင်း တောင်ကိုရီးယား အရာရှိ တစ်ဦးရဲ့ စကားကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ဂျင်ဒိုခရိုင်ရဲ့ အုပ်ချုပ်ရေးမှူး ကင်မ်ဟီဆူးက အခုလို အငြင်းပွားစရာ မှတ်ချက်စကားမျိုးကို ပြောခဲ့တာပါ။ သူက ဗီယက်နမ်နဲ့ သီရိလင်္ကာတို့လို နိုင်ငံတွေရဲ့ အမျိုးသမီးငယ်တွေကို တင်သွင်းလာပြီး တောင်ကိုရီးယား ကျေးလက် ဧရိယာတွေက အမျိုးသားတွေနဲ့ လက်ထပ်စေပြီး ကလေးမွေးစေသင့်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြည်သူတွေနဲ့ အမေးအဖြေ ပြုလုပ်တဲ့ အစီအစဉ်တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားနှုန်း အနည်းဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာပြီး အဲဒီပြဿနာအတွက် ရုန်းကန်နေရတဲ့ အချိန်မှာ ကင်မ်က ဒီစကားကို ပြောခဲ့တာ ဖြစ်ပါတယ်။ ကလေးမွေးဖွားမှုတွေ နည်းသွားလို့ လူဦးရေလည်း ဆက်တိုက် လျော့ကျနေပြီး လက်ရှိ နှုန်းအတိုင်းသာ သွားမယ်ဆိုရင် လာမယ့် နှစ် ၆၀ အတွင်း နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းထိ ကျဆင်းသွားနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြ သတိပေးထားပါတယ်။

ကင်မ်က အဲဒီပြဿနာကို အကြောင်းပြုပြီး ဖြေရှင်းမှု နည်းလမ်းတစ်ခုကို အကြံပေးခဲ့ပေမယ့် ကိစ္စတွေကတော့ ချောချောမောမော ဖြစ်မလာခဲ့ပါဘူး။ ကင်မ်ရဲ့ အမေးအဖြေ အစီအစဉ်ကို ရုပ်မြင်သံကြားကနေလည်း ထုတ်လွှင့် ပြသခဲ့တဲ့နောက် ဗီယက်နမ် အစိုးရက သံတမန်ရေးအရ ကန့်ကွက်ခဲ့သလို ပြည်သူတွေကြားမှာလည်း ဝေဖန်သံတွေ ကျယ်လောင်လာပါတယ်။ နောက်ပြီး အာဏာရ ဒီမိုကရက်တစ် ပါတီအနေနဲ့လည်း သူ့ကို ပါတီဝင် အဖြစ်က ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်က သူ့စကား အမှားအတွက် ပြန်တောင်းပန်ထားပေမယ့် အခြေအနေတွေကတော့ ငြိမ်သက်မသွားသေးပါဘူး။ သူအဓိက ဆိုလိုချင်တာက ကျေးလက်ဧရိယာတွေမှာ ကြုံနေရတဲ့ လူဦးရေ ကျဆင်းမှု ပြဿနာကို မီးမောင်းထိုးပြဖို့ ဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့အသုံးအနှုန်းကတော့ မသင့်မတော် ဖြစ်သွားခဲ့ကြောင်း ကင်မ်က ဝန်ခံခဲ့ပါတယ်။

ဂျင်ဒိုခရိုင် တည်ရှိရာ တောင်ပိုင်း ဂျိုလားပြည်နယ် အစိုးရရုံးကလည်း ကင်မ်ရဲ့ စကားက ဗီယက်နမ် ပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေအတွက် အကြီးအကျယ် ထိခိုက်စရာ ဖြစ်သွားရလို့ ဝန်ချတောင်းပန်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ အခြေစိုက်တဲ့ ဗီယက်နမ် သံရုံးရဲ့ Facebook စာမျက်နှာကတော့ ကင်မ်ရဲ့ စကားလုံးတွေဟာ သဘောထားရေးရာ သက်သက်ထက်ပိုပြီး ရွှေ့ပြောင်း အခြေချသူ အမျိုးသမီးတွေနဲ့ လူနည်းစုတွေအပေါ် ရှုမြင်တဲ့ တန်ဖိုးထားမှုနဲ့ ခံယူချက်တွေနဲ့ပါ သက်ဆိုင်တယ်လို့ ရေးသားထားခဲ့ပါတယ်။ သီရိလင်္ကာ အစိုးရကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ ဒီမိုကရက်တစ် ပါတီရဲ့ အကြီးအမှူးကောင်စီက ကင်မ်ကို ပါတီဝင် အဖြစ်ကနေ ထုတ်ပယ်ဖို့ ကန့်ကွက်သူမရှိ မဲခွဲ အတည်ပြုခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသမီးနဲ့ ရွှေ့ပြောင်းအခြေချ လူ့အဖွဲ့အစည်းတွေ အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ကင်မ်ရဲ့ စကားကို အကြောင်းပြုပြီး ဂျင်ဒိုမှာ ဆန္ဒပြပွဲတွေ လုပ်ဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

သတင်း

ထိပ်သီးဆွေးနွေးပွဲ အပြီးမှာတော့ ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်နှစ်ဦးဟာ အတူတွဲဖက်ပြီး ဒရမ်တီးခဲ့ကြပါတယ်။ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိရဲ့ မွေးရပ်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ နာရာမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ဧည့်သည်တော် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ကို လက်ခံ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။...

နိုင်ငံတကာ

မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်နဲ့ ဆက်စပ်ပြီး တောင်ကိုရီးယား ရဲတပ်ဖွဲ့ အကြီးအကဲလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။