အရှေ့အလယ်ပိုင်း ဒေသဆီ အမေရိကန်က နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စီး ထပ်မံ စေလွှတ်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
USS Gerald R Ford လေယာဉ်တင်သင်္ဘောကြီး ဦးဆောင်တဲ့ အမေရိကန် တိုက်ရေယာဉ် အုပ်စုဟာ အီရန်ကမ်းလွန် ရေပြင်ဆီ စတင် ထွက်ခွာနေပြီလို့ အမေရိကန် အစိုးရရဲ့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့ပါတယ်။
USS Gerald R Fordဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်သင်္ဘောအဖြစ် သတ်မှတ် ခံထားရပါတယ်။ အီရန် နျူကလီးယား ဖျက်သိမ်းရေးကိစ္စ အမေရိကန် အစိုးရက ဖိအားပေးနေခြင်းနဲ့အတူ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ နောက်ထပ် အမေရိကန် လေယာဉ်တင် သင်္ဘောတစ်စီးဖြစ်တဲ့ USS Abraham Lincoln ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်စုကလည်း အီရန် ရေပိုင်နက်နားကို ရောက်ရှိနှင့်ပြီး ဖြစ်ပါတယ်။
အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေဟာ နျူကလီးယား ကိစ္စနဲ့ ပတ်သက်ပြီး အဖြေတစ်ခု ထွက်ပေါ်လာအောင် တွေ့ဆုံဆွေးနွေးနေရင်း တစ်ချိန်တည်းမှာပဲ အမေရိကန်က လေယာဉ်တင် သင်္ဘောကြီး နှစ်စီးထိ အီရန်နိုင်ငံနားကို ပို့ဆောင်ထားတဲ့ သဘောပါပဲ။ ပြီးတော့ အရှေ့အလယ်ပိုင်း ဒေသတွင်း မဟာမိတ် နိုင်ငံတွေဆီ အမေရိကန်က တိုက်လေယာဉ်တွေနဲ့ တခြားစစ်လေယာဉ်တွေကိုလည်း အင်အားတိုးမြှင့် ပေးပို့ထားပါတယ်။

Public Service Announcement

အိန္ဒိယ သမုဒ္ဒရာထဲမှာ ရှိနေတဲ့ USS Abraham Lincoln ဦးဆောင်တဲ့ တိုက်ရေယာဉ်အုပ်ဟာ တိုက်ပွဲဝင်အဆင့် ဖြန့်ကျက်မထားသေးပေမယ့် အီရန်ကို တိုက်ခိုက်ဖို့ လက်လှမ်းမီတဲ့ နေရာနားမှာ ရှိနေပါတယ်။
ထရမ့်က သူ့အနေနဲ့ အရှေ့အလယ်ပိုင်းဆီ နောက်ထပ် လေယာဉ်တင် သင်္ဘော တစ်စီး ထပ်မံပေးပို့ဖို့ စဉ်းစားနေကြောင်း အခုသီတင်းပတ် အစောပိုင်းမှာ Axios သတင်းဌာနဆီ ပြောခဲ့ဖူးပါတယ်။
USS Gerald R Fordဟာလည်း အခုအခါ အရှေ့အလယ်ပိုင်း ရေပြင်ဆီ စတင်ဦးတည်နေပြီဆိုတဲ့ New York Timesရဲ့ သတင်းအပေါ် အိမ်ဖြူတော်ဖက်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
အီရန်နဲ့ အမေရိကန်ကြား ဆွေးနွေးမှုတွေမှာ အီရန်ရဲ့ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှုတွေကို လုံးဝဥဿုံ စွန့်လွှတ်ပေးဖို့ အမေရိကန်က တောင်းဆိုထားပါတယ်။ ဒါပေမဲ့ အီရန်က ယူရေနီယမ် သန့်စင်မှုဟာ လက်လွှတ်စရာ မလိုတဲ့ အခွင့်အရေး တစ်ခုအဖြစ် ယူဆထားပြီး အမေရိကန်ရဲ့ တောင်းဆိုမှုကို ငြင်းဆန်ထားတာကြောင့် ဆွေးနွေးမှု ရလဒ်တွေ တိုးတက်လာဖို့ ခက်ခဲနေပါတယ်။
ကိုးကား: AP
ဓာတ်ပုံ – Reuters

















































