အီရန် တိုက်လေယာဉ် နှစ်စီးကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တယ်လို့ ကာတာ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ကို ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အီရန်ကလည်း အရှေ့အလယ်ပိုင်း ဒေသတွင်းမှာရှိတဲ့ ကာတာ အပါအဝင် အမေရိကန် မဟာမိတ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန် တိုက်ခိုက်ခဲ့တဲ့နောက် ပဋိပက္ခဟာ ပိုမို ကျယ်ပြန့်လာနေပါတယ်။
မတ်လ ၂ ရက်နေ့မှာတော့ ကာတာ အစိုးရက နိုင်ငံရဲ့ လေတပ်ဟာ အီရန်ရဲ့ SU-24 တိုက်လေယာဉ် နှစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ကြေညာပါတယ်။ ဒါတင်မကဘဲ အီရန်ရဲ့ ဒုံးကျည် ၇ စင်းနဲ့ ဒရုန်း ၅ စီးကိုလည်း ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ကာတာက ဆိုပါတယ်။ SU-24တွေ ဆိုတာဟာ ဆိုဗီယက်လုပ် ဗုံးကြဲ တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။
အီရန် တိုက်လေယာဉ်တွေ ပစ်ချခံခဲ့ရတဲ့ နေရာကို တိတိကျကျ မသိရသေးပေမယ့် အီရန် တိုက်ခိုက်မှုကနေ နိုင်ငံကို ကာကွယ်ခဲ့တဲ့ စစ်ဆင်ရေး တစ်ခုထဲမှာ အဲဒီလေယာဉ်တွေကို ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ ကာတာက ထုတ်ပြန်ထားပါတယ်။

Public Service Announcement
နိုင်ငံရဲ့ လေပိုင်နက်ကို ခြိမ်းခြောက်လာနိုင်တဲ့ အရာတွေကို ထောက်လှမ်းတွေ့ရှိပြီးတာနဲ့ ချက်ချင်းလိုလို ဟန့်တား ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေး ရည်ရွယ်ချက်တွေ အားလုံး ပြည့်မြောက်ခဲ့ပြီး ဒုံးကျည်တွေကိုလည်း ရည်မှန်းချက် မရောက်ခင် ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ကာတာ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
ကာတာက အီရန်အနေနဲ့ အစ္စရေး-အမေရိကန် ပူးပေါင်း တိုက်ခိုက်မှုကို တုံ့ပြန်ရာမှာ ကာတာပိုင်နက်ကိုပါ ပစ်မှတ်ထားခဲ့တဲ့ လုပ်ရပ်က ကမူးရှူးတိုးနိုင်ပြီး အဆင်အခြင် ကင်းမဲ့လွန်းတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
အီရန်ဟာ ကာတာ၊ ကူဝိတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ ဆော်ဒီအာရေးဘီးယားနဲ့ တခြား အရှေ့အလယ်ပိုင်း နိုင်ငံတချို့ကို လွန်ခဲ့တဲ့ ၃ ရက်အတွင်း ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေခဲ့တာ ဖြစ်ပါတယ်။
အီရန် တိုက်လေယာဉ်တွေကို ကာတာက ပစ်ချလိုက်တယ် ဆိုတာဟာ ပဋိပက္ခက အရှေ့အလယ်ပိုင်းမှာ ပိုမိုကြီးထွား ကျယ်ပြန့်လာနေတယ်ဆိုတဲ့ နိမိတ်လက္ခဏာ ဖြစ်တယ်လို့ ကာတာရဲ့ မြို့တော် ဒိုဟာကို ရောက်နေတဲ့ Al Jazeera သတင်းထောက် ဇိန်းဘက်စ်ရာဗီက ပြောပါတယ်။
အခုအခါ လေကြောင်းတိုက်ပွဲတွေပါ စတင်လာပြီလို့ ယူဆရတဲ့ အခြေအနေ ရှိကြောင်း၊ ၃ ရက်ကြာမြင့်ပြီးတဲ့နောက် ပဋိပက္ခက ပိုပြင်းထန်လာတဲ့ သဘောမျိုး တွေ့ရကြောင်း သူက ဆိုပါတယ်။
အီရန်ကတော့ ကာတာဖက်က ထုတ်ပြန်သလို တိုက်လေယာဉ်နှစ်စီး ပစ်ချခံခဲ့ရသလားဆိုတာကို အတည်ပြုတာ၊ ငြင်းဆန်တာမျိုး မရှိသေးပါဘူး။
၂၀၂၄ ခုနှစ်ထိ စာရင်းတွေအရ အီရန် လေတပ်မှာ SU-24 စုစုပေါင်း ၂၉ စီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အပိုပစ္စည်း ပြတ်လပ်မှုလို ပြဿနာတွေနဲ့ ကြုံနေရတာကြောင့် အမှန်တကယ် ပျံသန်းနိုင်တဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရပါဘူး။
ကိုးကား: Al Jazeera

















































