အီရန် အစိုးရ ယန္တရားဟာ ပုံမှန် လည်ပတ်နေဆဲ ဖြစ်ပေမယ့် အတော်လေး ချိနဲ့သွားပြီဖြစ်တယ်လို့ အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိ တစ်ဦးက ပြောပါတယ်။
အမျိုးသား ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး တူလ်ဆီ ဂက်ဘတ်ဒ်ဟာ အီရန်မှာ လက်ရှိ ဆင်နွှဲနေတဲ့ စစ်ဆင်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တခြား ထိပ်တန်း အစိုးရ အရာရှိတွေနဲ့အတူ မတ်လ ၁၈ ရက်နေ့က လွှတ်တော် ကြားနာမှု တစ်ခုမှာ ပါဝင် ထွက်ဆိုခဲ့ပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ကြရာက စတင်ခဲ့တဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် လွှတ်တော်ဆီ ထောက်လှမ်းရေး အချက်အလက်တွေ အစီရင်ခံ တင်ပြမှုလည်း ဖြစ်လာပါတယ်။
ထောက်လှမ်းရေး အသိုက်အဝန်းရဲ့ သုံးသပ်ချက်ကတော့ အီရန် အစိုးရ ယန္တရားဟာ ရှိမြဲအတိုင်း ဆက်လက် လည်ပတ်နေပေမယ့် နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင် အများအပြား လုပ်ကြံရှင်းလင်း ခံခဲ့ရခြင်းနဲ့အတူ စွမ်းဆောင်ရည်နဲ့ အရင်းအမြစ်ပိုင်းမှာ အများကြီး ဆုတ်ယုတ် အားနည်းသွားပြီဆိုတာ ဖြစ်တယ်လို့ ဂက်ဘတ်ဒ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
အီရန်ဟာ အမေရိကန်အတွက် ချက်ချင်းလက်ငင်း ခြိမ်းခြောက်ရန်ပြုနိုင်တဲ့ အခြေအနေမျိုး ရှိခဲ့တယ်လို့ ယူဆသလားလို့ အထက်လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ ဂျွန်အော့ဆော့ဖ်က အကြိမ်ကြိမ် မေးမြန်းခဲ့တာကိုတော့ ဂက်ဘတ်ဒ်က ပြန်မဖြေခဲ့ပါဘူး။ သမ္မတ ထရမ့်ဟာ အမေရိကန် အနေနဲ့ အီရန်ရဲ့ အချိန်မရွေး တိုက်ခိုက်လာနိုင်တဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ ကြုံနေရတာကြောင့် လက်ဦးမှုယူပြီး စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ရပါတယ်လို့ အကြောင်းပြချက် ပေးထားခဲ့တာပါ။ အဲဒီ စစ်ဆင်ရေးတွေကိုလည်း ထရမ့်က လွှတ်တော်ဆီက ခွင့်ပြုချက် မပါဘဲ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံအတွက် အရေးတကြီး၊ ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှု ခံရနေတာ ဟုတ်သလား၊ မဟုတ်သလား ဆိုတာကို ဆုံးဖြတ်ချက် ချနိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟာ သမ္မတသာ ဖြစ်တယ်လို့ ဂက်ဘတ်ဒ်က ပြောကြားခဲ့ပါတယ်။
အီရန် စစ်ပွဲ စတင်လာချိန် ကတည်းက အမေရိကန်ရဲ့ ပါတီကြီး နှစ်ခုလုံးက အမတ်တွေဟာ အမေရိကန် အနေနဲ့ ဘယ်လို အခြေခံ အကြောင်းတရားတွေကြောင့် အီရန်ကို စစ်ပြု တိုက်ခိုက်ခဲ့သလဲ ဆိုတာနဲ့ စစ်ပွဲရဲ့ အကျိုးဆက်အဖြစ် ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ချပစ်မယ့် ဖြစ်နိုင်ခြေတွေကို ထရမ့်ရဲ့ အစိုးရက ကြိုတင် တွက်ဆထားမှု ရှိမရှိ ဆိုတာတွေကို အပြင်းအထန် မေးခွန်းထုတ်လာကြပါတယ်။ ထရမ့်ကတော့ အီရန်က တီထွင်ထုတ်လုပ်နေတဲ့ နျူကလီးယား လက်နက်တွေက အမေရိကန်ကိုရော၊ မဟာမိတ် အစ္စရေးကိုပါ ခြိမ်းခြောက်လာနေတဲ့အတွက် တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း အကြောင်းပြချက် ပေးထားပါတယ်။
မတ်လ ၁၇ ရက်နေ့မှာတော့ ထရမ့်ရဲ့ အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး စင်တာ အကြီးအကဲ ဂျိုးကန့်ဟာ အီရန်မှာ စစ်တိုက်ခဲ့တဲ့ အစိုးရ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း ပြသပြီး ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ သူ့ရဲ့ နုတ်ထွက်စာထဲမှာတော့ အီရန်ဟာ အမေရိကန်အတွက် အရေးတကြီး ခြိမ်းခြောက်လာနေတဲ့ အခြေအနေ လုံးဝ မရှိခဲ့ကြောင်း ရေးသားထားခဲ့သလို စစ်တိုက်ဖို့ ရွေးချယ်ခဲ့တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဝေဖန်ထားခဲ့ပါတယ်။
ကိုးကား: BBC


















































