နိုင်ငံရေတပ်အတွက် အသစ်တည်ဆောက်နေတဲ့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးအတွက် ရွေးချယ်ထားတဲ့ နာမည်ကို သမ္မတ အီမန်နျူရယ်လ် မာခရွန်က ကြေညာခဲ့ပါတယ်။
အဲဒီသင်္ဘောကြီးဟာ ပြင်သစ်ရေတပ်ရဲ့ လက်ရှိ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောဖြစ်တဲ့ Charles de Gaulle နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတာပါ။ ၂၀၃၈ ခုနှစ်မှာ ရေတပ်အတွက် စတင် အမှုထမ်းမယ့် လေယာဉ်တင် သင်္ဘော အသစ်ကြီးကို France Libreလို့ နာမည်ပေးသွားမှာဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့မှာ မာခရွန်က ပြောကြားခဲ့ပါတယ်။ ဒီစကားလုံးဟာ လွတ်လပ်တဲ့ ပြင်သစ်လို့ အဓိပ္ပါယ်ရပြီး ဒုတိယ ကမ္ဘာစစ်ကာလ ပြင်သစ်ရဲ့ တော်လှန်ရေး လှုပ်ရှားမှုကို ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။
France Libreကို တည်ဆောက်မှု ပြီးစီးသွားပြီ ဆိုရင်တော့ ဥရောပတိုက် သမိုင်းတလျှောက်မှာ တည်ဆောက်ဖူးသမျှ အကြီးမားဆုံး စစ်သင်္ဘော ဖြစ်လာမယ်လို့ သိရပါတယ်။ လေယာဉ်တင် သင်္ဘောသစ်ကြီးအတွက် နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်နေရာ နန့်တေးစ်မြို့နားက အင်းဒရက် သင်္ဘောကျင်းမှာ မာခရွန်က ရေယာဉ် နာမည်အသစ်ကို ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ သင်္ဘော ကိုယ်ထည်ကြီးကိုတော့ ၂၀၃၁ ခုနှစ်ကျရင် စိန့်နာဇရီမှာ စတင်တည်ဆောက်ဖို့ လျာထားပါတယ်။
France Libreဟာ တန်ချိန် ၈၀၀၀၀ လေးလံပြီး ၃၁၀ မီတာ ရှည်လျားမှာ ဖြစ်ပါတယ်။ ရေတပ်က လက်ရှိ အသုံးပြုနေတဲ့ Charles de Gaulleက တန်ချိန် ၄၂၀၀၀ လေးလံပြီး ၂၆၁ မီတာသာ ရှည်လျားပါတယ်။ France Libreဟာ အမှုထမ်း ၂၀၀၀ လောက် လိုက်ပါစီးနင်းပြီး တိုက်လေယာဉ်နဲ့ ဒရုန်းတွေ အပါအဝင် လေယာဉ် စုစုပေါင်း ၄၀ လောက် တင်ဆောင်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Public Service Announcement
ကမ္ဘာပေါ်မှာ နျူကလီးယား စွမ်းအင်နဲ့ ခုတ်မောင်းတဲ့ လေယာဉ်တင် သင်္ဘောတွေ ပိုင်ဆိုင်တဲ့ နိုင်ငံက လောလောဆယ် နှစ်ခုပဲရှိပြီး အမေရိကန်နဲ့ ပြင်သစ်တို့ ဖြစ်ပါတယ်။ တရုတ်ရေတပ်ဟာ နိုင်ငံရဲ့ စတုတ္ထမြောက် လေယာဉ်တင် သင်္ဘော အသစ်တစ်စီးကို တည်ဆောက်နေပြီး နျူကလီးယား စွမ်းအင်ကို စတင် အသုံးပြုလာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် ရေယာဉ်ရဲ့ စွမ်းဆောင်ရည်နဲ့ တခြားအချက်အလက်တွေအကြောင်း တိတိကျကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ကိုးကား: Reuters



















































