Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုးတက်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ဟာ ညတွင်းချင်း သေဆုံးရတော့မယ်လို့ အီရန်ကို ထရမ့်ခြိမ်းခြောက်

တိုးတက်တဲ့လူ့အဖွဲ့အစည်းတစ်ရပ်ဟာညတွင်းချင်း သေဆုံးသွားရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

ဧပြီ – ၈၊၂၀၂၆

အမေရိကန်ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောဖို့ အီရန်ဖက်က သဘောမတူဘူးဆိုရင်တိုးတက်တဲ့လူ့အဖွဲ့အစည်းတစ်ရပ်ဟာညတွင်းချင်း သေဆုံးသွားရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

ဟောမုဇ်ရေလက်ကြားကိုပြန်ဖွင့်ပေးဖို့၊ဒါမှမဟုတ်အမေရိကန်နဲ့ သဘော တူညီမှု တစ်ခုခု ရရှိအောင် ညှိနှိုင်းဖို့ အီရန်ကို ထရမ့်က ရာဇသံ ပေးထားတဲ့ ကာလဟာ ဧပြီ ၇ ရက်နေ့၊ ဝါရှင်တန်ဒီစီ စံတော်ချိန် ည ၈း၀၀ နာရီမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

အဲဒီသတ်မှတ်ကာလမတိုင်ခင်နောက်ဆုံးပိုင်းနာရီတွေထိအီရန်ဟာ ထရမ့်ရဲ့ ဖိအားပေး တောင်းဆိုမှုတွေကို လိုက်လျောမယ့် အရိပ်အယောင်မျိုး မပြသေးပါဘူး။

Public Service Announcement

Public Service Announcement

ထရမ့်ကတော့ အီရန်အစိုးရ အနေနဲ့ ဆက်ပြီး ခေါင်းမာနေရင်း နောက်ဆုံးမိနစ် သဘောတူညီမှု တစ်ခုခုကို ရအောင် မညှိဘူးဆိုရင်တော့ တိုးတက်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ဟာ ဒီညမှာ အဆုံးသတ်သွားတော့မယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ဒီစကားဟာ အီရန်ဖက်က အလျှော့ပေး လိုက်လျောတာ မရှိရင် အမေရိကန် အနေနဲ့ အီရန်ရဲ့ အခြေခံ အဆောက်အအုံတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းတိုက်ခိုက်ပြီး ခေတ်မီ လူ့အဖွဲ့အစည်း တစ်ခုရဲ့ စံနှုန်းတွေကို အဆုံးသတ်သွားစေမယ်ဆိုတဲ့ အဓိပ္ပါယ်အဖြစ် ယူဆနိုင်ပါတယ်။

အစောပိုင်းမှာ ထရမ့်က သဘောတူညီမှု ထွက်ပေါ်မလာရင် အီရန်ကို ကျောက်ခေတ် ပြန်ရောက်သွားစေမယ်လို့လည်း ခြိမ်းခြောက်ထားဖူးပါတယ်။

အဲဒီကာလ နီးကပ်လာတာနဲ့အမျှ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်အပေါ် ဗုံးကြဲ တိုက်ခိုက်မှုတွေလည်း အရှိန်မြင့်လာပါတယ်။ ပြီးတော့ ရထားလမ်းကူး တံတားတွေ၊ လေဆိပ်တစ်ခု၊ ဓာတ်အားပေးလိုင်းတွေနဲ့ဓာတ်ဆီချက်တဲ့စက်ရုံတစ်ခုပါပစ်မှတ်ထားခံခဲ့ရတယ်လို့အီရန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သူကိုယ်တိုင်ထူထောင်ထားတဲ့ Truth လူမှုကွန်ရက် မီဒီယာမှာတော့ ထရမ့်က တိုးတက်တဲ့ လူ့အဖွဲ့အစည်း တစ်ခုဟာ ဒီညမှ သေဆုံးရမှာဖြစ်ပြီး ဘယ်တော့မှ မူလ အခြေအနေကို ပြန်ရောက်တော့မှာ မဟုတ်ကြောင်း၊ သူက ဒါမျိုး လုံးဝ မဖြစ်စေချင်ပေမယ့်လည်း ဖြစ်လာမယ့်သဘော ရှိနေကြောင်း ရေးသားထားခဲ့ပါတယ်။

ဒါပေမယ့်အီရန်မှာအစိုးရပိုင်းကလုံးဝအပြောင်းအလဲဖြစ်သွားတာကြောင့် ကွဲပြားတဲ့၊ ပိုပြီးပါးနပ်တဲ့၊ အစွန်းမရောက်တဲ့ ခေါင်းဆောင်တွေဆီက အံ့ဩစရာအခြေအနေတစ်ခုခုကိုလည်းမြင်ကောင်းမြင်လာရနိုင်ကြောင်း၊ ဒါကို ဘယ်သူမှ ကြိုမသိနိုင်ကြောင်း၊ အဖြေကိုတော့ ဒီညမှာ ရှာတွေ့လာမှာဖြစ်ပြီး ကမ္ဘာကြီးရဲ့ ရှည်လျားရှုပ်ထွေးတဲ့ သမိုင်းကြောင်းတလျှောက် အရေးအကြီးဆုံး အခိုက်အတန့်တစ်ခု ဖြစ်လာနိုင်ကြောင်း ထရမ့်က ဆိုပါတယ်။

အီရန်မှာ ၄၇ နှစ် ကြာမြင့်ခဲ့တဲ့ အနိုင်ကျင့်မှု၊ ခြစားမှုနဲ့ သတ်ဖြတ်မှုတွေဟာ အဆုံးသတ်တော့မှာဖြစ်ပြီး ဘုရားသခင်က အီရန်ပြည်သူတွေကို ကောင်းချီးပေးဖို့ ဆုတောင်းကြောင်းလည်း သူ့ရဲ့ ပို့စ်ထဲမှာ ဖော်ပြထားပါတယ်။

အီရန်ဖက်ကအရေးပါတဲ့အစိုးရအရာရှိ တစ်ဦးကတော့ အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်မှုတွေ မရပ်သေးသ၍ ရှည်ကြာတည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိအောင် ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။

နောက်ပြီး အမေရိကန် အနေနဲ့ အီရန်ကို နောက်တစ်ကြိမ် တိုက်ခိုက်မှုတွေ မလုပ်တော့ပါဘူးဆိုတဲ့ ကတိမျိုးနဲ့ ထိခိုက်ပျက်စီးမှုတွေအတွက် နစ်နာကြေး ပေးချေတာမျိုးတွေ လိုအပ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

အီရန်အစိုးရရဲ့သတင်းရင်းမြစ်တွေကတော့ဘယ်လို သဘောတူညီချက်မျိုးမှာမဆို ဟောမုဇ် ရေလက်ကြားကို အီရန်က အပြည့်အဝ ထိန်းချုပ်ခွင့် ရစေရမယ်ဆိုတဲ့ အာမခံချက်မျိုး လိုအပ်ကြောင်းလည်း ပြောပါတယ်။

အဲဒီသဘောတူညီမှုကနေ အီရန်ဟာ ကမ္ဘာ့ ရေနံတင်ပို့မှုမှာ အရေးအပါဆုံးဖြစ်တဲ့ ရေလမ်းကြောင်းကနေ ဖြတ်သန်းသွားလာသမျှ သင်္ဘောတွေ အားလုံးကို အခွန် ကောက်ယူနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ကိုးကား – CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အရှုံးပေးဖို့ အလွန်အကျွံ ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးမှ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန်နဲ့ အစ္စရေးကို ရည်ရွယ်ပြီး အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ်ရေလက်ကြားကိုသာအမေရိကန်ကဆက် ပြီး ပိတ်ဆို့ထားမယ်ဆိုရင်ပါရှန်းပင်လယ်ကွေ့၊ ပင်လယ်နီ နဲ့ အိုမန်ပင်လယ်ထဲကရေကြောင်းသွားလာမှုတွေ လုံခြုံရေးကို အီရန်ကအာမခံမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ စစ်ဦးစီးအရာရှိချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေ အခုသီတင်းပတ်ထဲမှာ ပြန်စနိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် စတင်ပိတ်ဆို့ခဲ့တဲ့ ပထမဆုံး ရက်မှာ အဲဒီရေပြင်ကို ဖြတ်သန်း ခုတ်မောင်းတဲ့ သင်္ဘောတွေ ရှိခဲ့ပြီး တချို့တွေ နောက်ကြောင်း ပြန်လှည့်ခဲ့ရပါတယ်။