ဧပြီ-၁၄၊၂၀၂၆။People’s Spring
ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိတ်ဆို့မှုမှာ ပူးပေါင်း ပါဝင်ကြဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တောင်းဆိုမှုကို NATO စစ်မဟာမိတ် နိုင်ငံတွေက ငြင်းဆိုခဲ့ပါတယ်။
အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အစီအစဉ်က သဘောတူညီမှု မရဘဲ အဆုံးသတ်ခဲ့တဲ့နောက် ထရမ့်က အီရန်ကမ်းလွန်မှာ ရှိနေတဲ့ နိုင်ငံတကာ စွမ်းအင် တင်ပို့ရေး မဟာဗျူဟာ ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟောမုဇ်ကို အီရန်နဲ့အပြိုင် ပိတ်ဆို့ထားမယ်လို့ ကြေညာခဲ့ပါတယ်။ ဧပြီ ၁၃ ရက်နေ့မှာတော့ အမေရိကန်က ဟောမုဇ်ကို ပိတ်ဆို့တဲ့ အစီအမံ စတင် အသက်ဝင်လာခဲ့ပါတယ်။
ထရမ့်က ရေလက်ကြားကို ပိတ်ဆို့ထားမယ့် အစီအစဉ်မှာ အမေရိကန်ဟာ တခြားနိုင်ငံတွေနဲ့ပါ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပေမယ့် NATOကတော့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိပြီး နောက်ပိုင်းမှသာ ရေလက်ကြား လုံခြုံရေးအတွက် ပူးပေါင်း ကူညီဖို့ ဆန္ဒရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒီကိစ္စဟာ ထရမ့်ကို ကျိန်းသေပေါက်ဒေါသထွက်စေနိုင်ပြီးအမေရိကန်နဲ့ NATOကြားက လက်ရှိ တင်းမာမှုတွေကိုပါ ပိုမို ဆိုးရွားလာစေမယ်လို့ ယူဆရပါတယ်။

Public Service Announcement
အမေရိကန်က ဟောမုဇ် ရေလက်ကြား ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ထုတ်ပြန်ရာမှာ အီရန် ဆိပ်ကမ်းတွေဆီ ဦးတည်ခုတ်မောင်းတဲ့၊ ဒါမှမဟုတ် အဲဒီဆိပ်ကမ်းတွေကနေ ထွက်ခွာလာတဲ့ သင်္ဘောတွေကိုပဲ ပစ်မှတ်ထား ဟန့်တားဖို့ စီစဉ်ထားကြောင်း ဖော်ပြထားပါတယ်။ တစ်ဖက်မှာလည်း အီရန်က နိုင်ငံရဲ့ သင်္ဘောတွေ၊ ရေနံတင် သင်္ဘောတွေ တိုက်ခိုက်ခံရရင် ကျိန်းသေပေါက် လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ရေလက်ကြား ပိတ်ဆို့မှုဟာ မကြာခင် စမှာဖြစ်ဩကြောင်း၊တခြားနိုင်ငံတွေကလည်း အဲဒီအစီအစဉ်မှာ ပါဝင်ကြမှာဖြစ်ကြောင်း ထရမ့်က ဧပြီ ၁၂ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ အင်အားကြီး ဥရောပ နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့ အပါအဝင် NATO မဟာမိတ် အဖွဲ့ဝင်တွေက ရေလက်ကြား ပိတ်ဆို့မှုမှာ ဝင်ရောက်ပူးပေါင်းပြီး လက်ရှိ စစ်ရေး ပဋိပက္ခထဲ ဆွဲသွင်းခံရတဲ့ အခြေအနေမျိုးကို လက်ခံမှာ မဟုတ်ကြောင်း အတိအလင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစား ကမ္ဘာ့ရေနံ တင်ပို့မှုရဲ့ ငါးပုံတစ်ပုံလောက် ပုံမှန် ဖြတ်သန်းနေတဲ့ ရေလမ်းကြောင်းကို ပြန်ဖွင့်နိုင်မယ့် အစီအမံ တစ်ခုကို စတင်ညှိနှိုင်း ရှာဖွေသွားမယ်လို့ အဲဒီနိုင်ငံတွေက ဆိုပါတယ်။
ထရမ့်လက်ထက်မှာ အမေရိကန်ဟာ အစဉ်အလာ မဟာမိတ် NATOနဲ့ ဆက်ဆံရေး သိသိသာသာ ယိုယွင်းလာနေပြီး အမေရိကန် အနေနဲ့ NATOကနေ နုတ်ထွက်တာမျိုးပါ လုပ်လာနိုင်ကြောင်း ထရမ့်က ခြိမ်းခြောက်ထားဖူးပါတယ်။ ဟောမုဇ် ရေလက်ကြား ပိတ်ဆို့ရေးမှာ ဝင်ပါဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို NATO နိုင်ငံတွေက ငြင်းပယ်ခြင်းဟာ အဲဒီ တင်းမာမှုကို ဒီဂရီ ထပ်တိုးလာစေဖွယ် ရှိနေပါတယ်။
ရေလက်ကြားကို ပိတ်ဆို့တဲ့ လုပ်ရပ်ကိုတော့ ဗြိတိန်က ထောက်ခံ အားပေးနိုင်မှာမဟုတ်ဘူးလို့ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာစတာမာကပြောပါတယ်။သူ့ရဲ့ ဆုံးဖြတ်ချက်ကအရမ်းရှင်းလင်းကြောင်း၊ ဘယ်လောက်ကြီးမားတဲ့ ဖိအားပေးမှုတွေနဲ့ ကြုံလာပါစေ၊ ဗြိတိန်ဟာ စစ်ပွဲထဲကိုတော့ ဆွဲအသွင်းခံမှာ မဟုတ်ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။
ဥရောပ နိုင်ငံတချို့ကလည်း ဟောမုဇ် ရေလက်ကြား လုံခြုံရေးမှာ ပူးပေါင်းကူညီဖို့ ဆန္ဒရှိကြောင်း ပြောဆိုထားပေမယ့် လက်ရှိ စစ်ရေး ပဋိပက္ခတွေ ရပ်တန့်ပြီး သူတို့ရဲ့ စစ်သင်္ဘောတွေကို အီရန်က မတိုက်ခိုက်ဘူးဆိုတာ သေချာတဲ့ အချိန်ကျမှသာ အဲဒီအကူအညီမျိုး ပေးအပ်နိုင်မယ်လို့ အကြောင်းပြန်ထားကြပါတယ်။
ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း သင့်တော်တဲ့ အခြေအနေမျိုး ဖြစ်လာတဲ့ အချိန်ကျမှသာ ပြင်သစ်အနေနဲ့ ခုခံကာကွယ်ရေးအတွက် သီးသန့် ရည်ရွယ်ထားတဲ့ မစ်ရှင်မျိုးနဲ့ ပါဝင်လာဖို့ ရှိနေကြောင်း၊ လက်ရှိ တိုက်ခိုက်နေတဲ့ စစ်ပွဲနဲ့တော့ ပတ်သက်မှာ မဟုတ်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
တစ်ချိန်က ဟောမုဇ် ရေလက်ကြား ပိတ်ဆို့မှုကို ဆန့်ကျင်ခဲ့တဲ့ ထရမ့်ကိုယ်တိုင်က ရေလက်ကြားကို ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ဥရောပ သံတမန် အသိုက်အဝန်းထဲမှာလည်း မေးခွန်းထုတ် ဝေဖန်မှုတွေ ရှိနေပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီးဟာကန်ဖစ်ဒန်ကတော့ ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး ကိစ္စဟာ သံတမန်ရေး စေ့စပ်ဆွေးနွေးမှု နည်းလမ်းတွေနဲ့ပဲ အထမြောက်အောင် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်း ပြောကြားသွားပါတယ်။
ကိုးကာ- Reuters
ဓါတ်ပုံ-File Photo


















































