Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ်ကို အီရန် ပြန်ဖွင့်ပေမယ့် သင်္ဘော နည်းနည်းလောက်သာ ဖြတ်သန်းခဲ့

ဟောမုဇ် ရေလက်ကြားကို အီရန်က အပြည့်အဝ ပြန်ဖွင့်ထားပေမယ့် ဖြတ်သန်းခုတ်မောင်းတဲ့ သင်္ဘော အရေအတွက်ကတော့ နည်းပါးနေဆဲလို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

ဟောမုဇ် ရေလက်ကြားကို အီရန်က အပြည့်အဝ ပြန်ဖွင့်ထားပေမယ့် ဖြတ်သန်းခုတ်မောင်းတဲ့ သင်္ဘော အရေအတွက်ကတော့ နည်းပါးနေဆဲလို့ သိရပါတယ်။

ဓာတ်ပုံ – Reuters

အစ္စရေးနဲ့ လက်ဘနွန်တို့ အပစ်အခတ် ရပ်စဲလိုက်တဲ့နောက် အီရန်က အမေရိကန်နဲ့ မူလ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုပါ ကတိအတိုင်း ဟောမုဇ် ရေလက်ကြားမှာ သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းမှုကို အတားအဆီးမရှိ ခွင့်ပြုသွားမယ်လို့ ဧပြီ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်ရဲ့ အပစ်ရပ် သဘောတူညီမှုအရ အီရန်ဟာ ဟောမုဇ်ကို ပြန်ဖွင့်ပေးရမှာ ဖြစ်ပေမယ့် လက်ဘနွန်မှာ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာတွေကို အစ္စရေးက ဆက်လက် တိုက်ခိုက်နေခြင်းက သဘောတူညီမှုကို ချိုးဖောက်ရာရောက်ကြောင်း အီရန်က စွပ်စွဲပြီး ရေလက်ကြား ဖွင့်ပေးမယ့် ကတိကို ဆိုင်းငံ့ထားခဲ့ပါတယ်။

ဧပြီ ၁၇ ရက်နေ့က အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ရေလက်ကြားကို အလုံးစုံ ပြန်ဖွင့်ပေးထားပြီ ဖြစ်ပေမယ့် ရေယာဉ်တွေ အနေနဲ့ အီရန်က ဘေးကင်းကြောင်း အာမခံပေးထားတဲ့ ရေလမ်းကြောင်းအတိုင်း ခုတ်မောင်းဖို့တော့ လိုအပ်ကြောင်း ထည့်သွင်း သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပြုတိုက်ခိုက်မှုကို ခံခဲ့ရတဲ့နောက် နိုင်ငံရဲ့ ကမ်းလွန်မှာ တည်ရှိပြီး ကမ္ဘာ့ ရေနံတင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ပစ်ခဲ့ပါတယ်။ အဲဒီ ရေလက်ကြားမှာ အီရန်က ရေမြှုပ်မိုင်းတွေ ထောင်ထားခဲ့သလို ဖြတ်သန်းခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံတကာ ရေနံနဲ့ လောင်စာ စျေးကွက်မှာ အကြီးအကျယ် အကျပ်အတည်းတွေ ကြုံခဲ့ရပါတယ်။ ပုံမှန် အခြေအနေမှာတော့ ကမ္ဘာ့ရေနံတင်ပို့မှု စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ပမာဏကို ဟောမုဇ်ကနေ ဖြတ်သန်း ပို့ဆောင်နေခဲ့တာကြောင့်ပါ။

အီရန်က အမေရိကန်နဲ့ နှစ်ပတ်ကြာ အပစ်ရပ် သဘောတူထားတဲ့ ကာလအထိ ဟောမုဇ်ကို အပြည့်အဝ ဖွင့်ထားမယ်လို့ ပြောပေမယ့် ဧပြီလ ၁၇ ရက်နေ့က ရေကြောင်းသွားလာမှု ခြေရာခံ မှတ်တမ်းတွေအရ အဲဒီရေလက်ကြားကို သင်္ဘော နည်းနည်းလောက်သာ ဖြတ်သန်း ခုတ်မောင်းခဲ့တယ်လို့ သိရပါတယ်။

အီရန်က ဘေးကင်းကြောင်း အဆိုပြုထားတဲ့ ရေလမ်းကြောင်းဟာ နိုင်ငံရဲ့ ကမ်းရိုးတန်းဖက်ခြမ်းနဲ့ ပိုနီးကပ်ပြီး တောင်ဖက်က အိုမန်ကမ်းရိုးတန်းနဲ့ နီးကပ်တဲ့ ရေလက်ကြား အပိုင်းကိုတော့ အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားပါတယ်။

အီရန်က ဟောမုဇ်ကို ပြန်ဖွင့်ပေးထားပေမယ့်လည်း အီရန် ဆိပ်ကမ်းတွေက ထွက်ခွာလာတဲ့ ရေယာဉ်တွေကို ဟောမုဇ်နားမှာ စစ်အင်အားသုံးပြီး တားဆီးနေတဲ့ အမေရိကန်ရဲ့ အစီအမံကတော့ မူလအတိုင်း ဆက်ရှိနေဦးမယ်လို့ အမေရိကန် အစိုးရက ကြေညာထားပါတယ်။ အပစ်ရပ်ကာလ အစောပိုင်း ရက်တွေမှာ အမေရိကန်နဲ့ အီရန်တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အဆင်မပြေခဲ့တဲ့နောက် အီရန်ကို စီးပွားရေးအရ အကြီးအကျယ် ဖိအားဝင်စေမယ့် အဲဒီ ပိတ်ဆို့မှုကို လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ရဲ့ လက်ရှိ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုဟာ ဧပြီ ၂၂ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးမှာပါ။ ထရမ့်က အီရန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခု မရမချင်း အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့မှုဟာ ဆက်ရှိနေမယ်လို့ အတည်ပြုခဲ့ပြီး ဟောမုဇ်ကို ပြန်ဖွင့်ပေးမယ့် အီရန်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ချီးကျူး ကြိုဆိုသွားခဲ့ပါတယ်။

ထရမ့်က အီရန်နဲ့ အမေရိကန်ကြား အပစ်ရပ်ကာလ သက်တမ်းထပ်တိုးတာမျိုး ဖြစ်နိုင်သလို ငြိမ်းချမ်းရေး သဘောတူညီမှုတစ်ခု မြန်မြန်ဆန်ဆန် ရရှိသွားပြီး အဲဒီလို သက်တမ်းတိုးမှုမျိုး မလိုအပ်တာမျိုးလည်း ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီးကန့်သတ်တဲ့ လွှတ်တော် အမတ်တွေဟာ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့သူတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် အတောအတွင်း အီရန်ပိုင်နက်ထဲမှာ ပစ်ချခံခဲ့ရလို့ ရှာဖွေ ကယ်ဆယ်ခဲ့ရတဲ့ အမေရိကန် တိုက်လေယာဉ်မှူးဟာ အီရန်စစ်ပွဲမှာ ဒုတိယအကြိမ် လေယာဉ်ပစ်ချခံခဲ့ရတာဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တကယ်လို့ အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေပါ ဖွင့်ပြီး တုံ့ပြန် ဖိအားပေးသွားမယ်လို့ အီရန်စစ်တပ်က သတိပေး ပြောကြားလိုက်ပါတယ်။