Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် လုံခြုံရေး မစ်ရှင်မှာ ပူးပေါင်းဖို့ နိုင်ငံပေါင်း တစ်ဒါဇင်ကျော် ကမ်းလှမ်းထား

ဟောမုဇ် ရေလက်ကြားမှာ လွတ်လပ်စွာ သွားလာနိုင်ရေး မစ်ရှင်မှာ ပူးပေါင်းပါဝင်ဖို့ နိုင်ငံပေါင်း တစ်ဒါဇင်ကျော်က ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

ဟောမုဇ် ရေလက်ကြားမှာ လွတ်လပ်စွာ သွားလာနိုင်ရေး မစ်ရှင်မှာ ပူးပေါင်းပါဝင်ဖို့ နိုင်ငံပေါင်း တစ်ဒါဇင်ကျော်က ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၁၇ ရက်နေ့မှာ ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေက အဲဒီ ရည်ရွယ်ချက်အတွက် ဆွေးနွေးဖို့ အွန်လိုင်း အစည်းအဝေး တစ်ခုကို ကျင်းပခဲ့ပြီး ဟောမုဇ်ကို စောင့်ရှောက်ပေးမယ့် နိုင်ငံတကာ မစ်ရှင်တစ်ခု ထူထောင်ရေးကို အဆိုပြုခဲ့ကြပါတယ်။

ဗြိတိန် အစိုးရက အဲဒီမစ်ရှင်ဟာ သင့်တော်တဲ့ အခြေအနေတွေမှာ ဟောမုဇ်ရဲ့ လုံခြုံရေးကို အကူအညီပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း ကြေညာခဲ့ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အမေရိကန်ဟာ ဒီကိစ္စမှာ မဟာမိတ်တွေဆီက ဘာအကူအညီမှ မလိုဘူးလို့ တုံ့ပြန်ထားပါတယ်။

အီရန်တောင်ပိုင်းမှာ တည်ရှိပြီး ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ဟာ အမေရိကန်နဲ့ အီရန်တို့ စစ်ဖြစ်ချိန်မှာ တစ်ကမ္ဘာလုံး အာရုံစိုက်ရတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။ အီရန်ဟာ နေ့စဉ် ရေနံတင်ပို့မှုတွေရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းလေ့ရှိတဲ့ ဟောမုဇ်ကို ပိတ်ချခဲ့ပြီး ဧပြီ ၁၇ ရက်နေ့ကျမှသာ အပြည့်အဝ ပြန်ဖွင့်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ တစ်ဖက်မှာလည်း အမေရိကန် ရေတပ်ဟာ အီရန် ဆိပ်ကမ်းတွေက ထွက်လာတဲ့ ရေယာဉ်တွေကို တားဆီးဖို့အတွက် ဟောမုဇ် ရေလက်ကြားနားမှာ စစ်အင်အား အလုံးအရင်း ဖြန့်ကျက်ပြီး ပိတ်ဆို့ထားပါတယ်။

Public Service Announcement

Public Service Announcement

ဟောမုဇ် ရေလက်ကြားမှာ ရေယာဉ်တွေနဲ့ သင်္ဘောတွေ ပုံမှန် ခုတ်မောင်းလို့ မရတော့တဲ့ ကာလအတွင်း နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းကြီး ပေါ်ပေါက်လာသလို ရေနံနဲ့ လောင်စာဆီစျေးတွေ ထိုးတက်ကုန်ပါတယ်။

ထရမ့်ဟာ အီရန်ကို ရေတပ်အင်အား အသုံးပြုပြီး ပိတ်ဆို့မယ့် အစီအစဉ်မှာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေကို ဖိတ်ခေါ်ခဲ့ပေမယ့် ဗြိတိန်၊ ပြင်သစ်တို့ အပါအဝင် နိုင်ငံအသီးသီးက ငြင်းဆိုခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်ကလည်း မဟာမိတ်တွေအပေါ် မကျေမချမ်းနဲ့ အပြစ်တင်ခဲ့ဖူးပါတယ်။

NATOက ဟောမုဇ် ရေလက်ကြား လုံခြုံရေးအတွက် အကူအညီပေးဖို့ ဆန္ဒရှိပေမယ့် အီရန်-အမေရိကန် စစ်ပွဲ အပြီးတိုင် ရပ်စဲပြီး မဟာမိတ် စစ်သင်္ဘောတွေကို အီရန်က မတိုက်ခိုက်ဘူးဆိုတဲ့ အာမခံချက်မျိုး ရှိလာမှသာ အဲဒီ မစ်ရှင်မျိုးမှာ ပါဝင်မယ်လို့ တုံ့ပြန်ထားပါတယ်။

ဧပြီ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အွန်လိုင်း အစည်းအဝေးကိုတော့ ဗြိတိန်နဲ့ ပြင်သစ်တို့က ကြီးမှူးပြီး ဥရောပ၊ အာရှ၊ အရှေ့အလယ်ပိုင်း ဒေသတွေက နိုင်ငံပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးမှာတော့ တက်ရောက်လာတဲ့ နိုင်ငံတွေက ဟောမုဇ် ရေလက်ကြားကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောပါတယ်။ ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်ကို ဘယ်သူကဖြစ်ဖြစ်၊ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် ပိတ်ဆို့တာမျိုး၊ အခွန်အခ ကောက်ယူတာမျိုး မှန်သမျှကို အားလုံးက ဆန့်ကျင်မယ်လို့လည်း သူက ဆိုပါတယ်။

မြေထဲပင်လယ် အရှေ့ပိုင်းနဲ့ ပင်လယ်နီမှာ လောလောဆယ် ဖြန့်ကျက်ထားတဲ့ ပြင်သစ် ရေတပ် အင်အားကို အဲဒီမစ်ရှင်အတွက် ပူးပေါင်းစေဖွယ် ရှိတယ်လို့လည်း မာခရွန်က မှတ်ချက်ပေးသွားပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး လာမယ့်သီတင်းပတ်ကျရင် လန်ဒန်မှာ စစ်ဆင်ရေး အစီအမံ ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်မှာ ဖြစ်ကြောင်း၊ မစ်ရှင်မှာ ဘယ်လိုတာဝန်တွေကို ယူသွားမလဲ ဆိုတာကို အသေးစိတ် ညှိနှိုင်းမှာဖြစ်ကြောင်း၊ လက်ရှိမှာတော့ နိုင်ငံပေါင်း တစ်ဒါဇင်လောက်ဟာ ဟောမုဇ် လုံခြုံရေး မစ်ရှင်အတွက် ပူးပေါင်း ပါဝင်ကြဖို့ ကမ်းလှမ်းထားကြောင်း ပြောကြားခဲ့ပါတယ်။

ဂျာမနီ အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်ကလည်း သူ့နိုင်ငံဟာ ဟောမုဇ် မစ်ရှင်မှာ ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ တချို့ သံတမန်ရေး သတင်းရင်းမြစ်တွေကတော့ ဟောမုဇ် ရေလက်ကြားရဲ့ အခြေအနေဟာ ပုံမှန် ပြန်ဖြစ်သွားမယ်ဆိုရင် အဲဒီမစ်ရှင်က လက်တွေ့ အကောင်အထည် ဖော်စရာ လုံးဝမလိုတာမျိုး ဖြစ်လာနိုင်ကြောင်းလည်း ထောက်ပြနေပါတယ်။

အီရန်ဟာ ဟောမုဇ်ကို ပိတ်ထားခဲ့တဲ့ ကာလအတွင်း ဖြတ်သန်းသွားတဲ့ အရပ်ဖက် ရေယာဉ်တွေဆီက အခွန်ကောက်ခဲ့ဖူးပြီး အမေရိကန်ကတော့ အဲဒီလိုမျိုး အီရန်ဆီ ရေလက်ကြား အသုံးပြုခွင့် အခွန်ပေးဆောင်မှုတွေ လုံးဝမလုပ်ကြဖို့ သတိပေးထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ အီရန်တို့ကြား အရမ်းကို အပေါင်းလက္ခဏာဆန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လွှတ်တော် ကြားနာမှု အစီအစဉ်မှာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အီရန်စစ်ပွဲကိစ္စကို အကြောင်းပြုပြီး လွှတ်တော် အမတ်တွေနဲ့ နှစ်ရက်ဆက်တိုက် အခြေအတင် ငြင်းခုံခဲ့ပါတယ်။

နိုင်ငံတကာ

သီရိလင်္ကာ နိုင်ငံနားက နိုင်ငံတကာ ရေပိုင်နက်ထဲမှာ အီရန် ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန် စစ်တပ်က ကြားဖြတ် ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း ကြေညာပြီး မကြာခင်မှာပဲ အီရန်စစ်တပ်ရဲ့ တိုက်ခိုက်ရေး မော်တော်ဘုတ်တွေက အရပ်ဖက် ကုန်စည်နဲ့ ရေနံတင်တဲ့ သင်္ဘော အနည်းဆုံး နှစ်စီးကို ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

Facebook