Connect with us

Hi, what are you looking for?

နိုင်ငံတကာ

A-10 တိုက်လေယာဉ်တွေကို အနားပေးမယ့် အစီအစဉ်ကို ၂၀၃၀ ထိ အမေရိကန် ရွှေ့ဆိုင်း

အမေရိကန် လေတပ်ဟာ အနီးကပ် လေကြောင်းပစ်ကူ တိုက်ခိုက်ရေး လေယာဉ်တွေဖြစ်တဲ့ A-10တွေကို အနည်းဆုံး ၂၀၃၀ ထိ သက်တမ်းတိုးပြီး ဆက်လက် အသုံးပြုစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် လေတပ်ဟာ အနီးကပ် လေကြောင်းပစ်ကူ တိုက်ခိုက်ရေး လေယာဉ်တွေဖြစ်တဲ့ A-10တွေကို အနည်းဆုံး ၂၀၃၀ ထိ သက်တမ်းတိုးပြီး ဆက်လက် အသုံးပြုစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Thunderbolt II၊ Warthogစတဲ့ နာမည်ပြောင်တွေနဲ့ လူသိများတဲ့ လေယာဉ်တွေဟာ အီရန်စစ်ပွဲမှာလည်း ပါဝင် တိုက်ခိုက်နေပါတယ်။ မူလက A-10တွေကို မကြာခင် အနားပေးဖို့ ရည်ရွယ်ထားပေမယ့် အရှေ့အလယ်ပိုင်း ဒေသက စစ်ဆင်ရေးတွေကြောင့် ၂၀၃၀ လောက်ထိ ဆက်လက် အသုံးပြုသွားမယ့်အကြောင်း ဧပြီ ၂၀ ရက်နေ့မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လေတပ် ညွှန်ကြားရေးမှူး ထရွိုင်မိန့်ခ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်နဲ့ လေတပ်ထိပ်တန်း အရာရှိတွေ ဆွေးနွေးခဲ့တဲ့နောက် A-10တွေရဲ့ စစ်ဆင်ရေး တာဝန်ထမ်းဆောင်မှု ကာလကို သက်တမ်းတိုးဖို့ သဘောတူခဲ့တယ်လို့ မိန့်ခ်က ဆိုပါတယ်။ သူက သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန်ရဲ့ စစ်အင်အားကို ချဲ့ထွင်ဖြည့်တင်းဖို့ လျင်မြန်တဲ့၊ ထိရောက်တဲ့ ဦးဆောင်မှုမျိုး ပြသပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးနေတယ်လို့လည်း ချီးကျူးခဲ့ပါတယ်။

အရုပ်ဆိုးသလောက် မြေပြင်တိုက်ပွဲတွေကို အနီးကပ် ပစ်ကူပေးရာမှာ အစွမ်းထက်လှတဲ့ တိုက်လေယာဉ်တွေအဖြစ် A-10တွေက ကျော်ကြားခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေဟာ တခြားတိုက်လေယာဉ်တွေနဲ့ ယှဉ်ရင် မြန်နှုန်း နှေးနှေးနဲ့ပဲ ပျံသန်းနိုင်ပေမယ့် ကောင်းကင်ပေါ်က သံချပ်ကာယာဉ်တွေလို့ တင်စားခံရလောက်အောင် မာမာကျောကျော တည်ဆောက်ထားပါတယ်။ ပြီးတော့ တင့်ကားတွေကိုတောင် စုတ်ပြတ်သွားအောင် ပစ်ခတ်ဖျက်ဆီးနိုင်တဲ့ GAU-8/A Avenger ၃၀ မမ စက်သေနတ်ကြောင့်လည်း နာမည်ကြီးပါတယ်။ နောက်ပြီး A-10တွေဟာ ဒုံးကျည်တွေနဲ့ တခြားခဲယမ်းမီးကျောက် အများအပြားကိုလည်း တင်ဆောင်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

Fairchild Republic ကုမ္ပဏီက ထုတ်လုပ်တဲ့ လေယာဉ်တွေရဲ့ မာဂုဏ်က အံ့မခန်း ကောင်းမွန်ပေမယ့် နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်သစ် စစ်ပွဲတွေမှာ A-10တွေရဲ့ ရှင်သန်နိုင်စွမ်းက ကျဆင်းလာပြီ ဖြစ်တာကြောင့် ပိုပြီး ခေတ်မီတဲ့ F-35 ဘက်စုံသုံး ကိုယ်ပျောက် တိုက်လေယာဉ်တွေနဲ့ အစားထိုးဖို့ လေတပ်က ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ A-10တွေဟာ အမေရိကန် ခြေလျင်တပ်တွေကို အနီးကပ် ကာကွယ်ပေးမယ့် အန္တရာယ်များတဲ့ မစ်ရှင်တွေအတွက် ဆက်ပြီး ပျံသန်းနေဦးမှာ ဖြစ်ပါတယ်။

လေတပ်ဟာ A-10တွေကို ဆက်လက် အသုံးပြုနေရင်း တစ်ဖက်မှာလည်း အဲဒီ လေယာဉ်တွေအစား F-35တွေနဲ့ အစားထိုးမယ့် အစီအစဉ်ကိုလည်း အကောင်အထည် ဖော်နေမှာပါ။ ၂၀၂၇ ဘဏ္ဍာရေး နှစ်အတွင်း လေတပ်ဟာ A-10တချို့ကို အနားပေးနိုင်ဖို့အတွက် F-35A တိုက်လေယာဉ် ၃၈ စီးကို မှာယူထားပါတယ်။

ဧပြီ လဆန်းပိုင်းတုန်းက အီရန်မှာ ပစ်ချခံခဲ့ရတဲ့ F-15E တိုက်လေယာဉ်မှူးတွေကို ကယ်ဆယ်ဖို့ ကြိုးစားတဲ့ မစ်ရှင်မှာ ပါဝင်ကူညီရင်း A-10 တစ်စီးဟာလည်း အီရန်ရဲ့ ပစ်ချခြင်းကို ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ လေယာဉ်မှူးဟာ ဟောမုဇ် ရေလက်ကြားမှာ လေထီးနဲ့ ခုန်ထွက် လွတ်မြောက်ခဲ့ပြီး အမေရိကန် စစ်တပ်က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။