အတ္တလန္တိတ် သမုဒ္ဒရာထဲက အပျော်စီး ခရုစ်သင်္ဘောပေါ်မှာ ဟန်တာဗိုင်းရပ်စ် ကူးစက်ခဲ့မှုတွေဟာ အလေးအနက် ထားရမယ့် ကိစ္စဆိုတာ မှန်ပေမယ့် ကပ်ရောဂါဆိုးကြီး တစ်ခုရဲ့ အစတော့ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ရှင်းလင်းခဲ့ပါတယ်။
WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီးဆက်စ်က သင်္ဘောပေါ်မှာ ဟန်တာဗိုင်းရပ်စ် ကူးစက်မှု ၅ ခု အတည်ပြု တွေ့ရှိခဲ့ပြီး လူနာ ၃ ဦး သေဆုံးခဲ့ကြောင်း၊ နောက်ထပ် သံသယလူနာ ၃ ဦး ရှိနေကြောင်း မေလ ၇ ရက်နေ့က ပြောပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ရဲ့ သဘောသဘာဝအရ ရောဂါလက္ခဏာတွေ ချက်ချင်းမပြဘဲ ကာလတစ်ခုထိ ပုန်းကွယ်နေတတ်တာကြောင့် နောက်ပိုင်းမှ လူနာတွေ ထပ်တွေ့တာမျိုး ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
အခုအခါ MV Hondius သင်္ဘောပေါ် စီးနင်းလိုက်ပါခဲ့ပြီး အစောပိုင်းက တိုက်ကြီးလေးခုမှာ အသီးသီး ဆင်းသက်သွားခဲ့တဲ့ ခရီးသည်ဟောင်းတွေကို သက်ဆိုင်ရာ နိုင်ငံတွေက အပူတပြင်း ခြေရာခံ ရှာဖွေနေပါတယ်။ ဒေါက်တာ ဂျီဘရီးဆက်စ် ခန့်မှန်းထားတဲ့အတိုင်း နယ်သာလန်မှာ တစ်ဦးက ဗိုင်းရပ်စ် ကူးစက် ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။
ဟန်တာဗိုင်းရပ်စ်ဟာ ကြွက်ရဲ့ အညစ်အကြေးကနေ လူသားတွေဆီ အဓိက ကူးစက်ပြီး အသက်အန္တရာယ်ပါ ခြိမ်းခြောက်နိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါမျိုး ဖြစ်ပွားစေတတ်ပါတယ်။ ဒါပေမဲ့ သင်္ဘောပေါ်မှာတော့ ရှားပါးလှတဲ့ အခြေအနေအဖြစ် လူသားအချင်းချင်း ကူးစက်တဲ့ ဖြစ်စဉ်မျိုးတွေပါ ရှိခဲ့တယ်လို့ WHOက ယူဆထားပါတယ်။

Public Service Announcement
လောလောဆယ်တော့ သင်္ဘောဟာ ကိပ်ဗာဒီ ကျွန်းစုနားမှာ ရပ်နားထားရာကနေ စပိန်ပိုင် ကာနေကျွန်းစုဆီ ဦးတည် ခုတ်မောင်းနေပါတယ်။ အဲဒီကျွန်းဟာ သင်္ဘောကို ကမ်းကပ်ခွင့်ပြုပြီး ခရီးသည်တွေကို ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ ကူညီ လုပ်ဆောင်ပေးဖို့ သဘောတူထားပါတယ်။
WHOရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန ဒါရိုက်တာ မာရီယာ ဗန်ခက်ကော့ဗ်ကတော့ ဟန်တာဗိုင်းရပ်စ် ကူးစက်မှု ပြဿနာဟာ စိုးရိမ်စရာ ကောင်းတာ မှန်ပေမယ့် အကန့်အသတ်နဲ့သာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကိုဗစ်ကပ်ရောဂါဆိုးကြီး စတင်လာတဲ့ အခြေအနေတွေနဲ့ မတူကြောင်း ပြောပါတယ်။
ဒါဟာ ကပ်ရောဂါတစ်ခုရဲ့ အစမဟုတ်ကြောင်း၊ ဟန်တာဗိုင်းရပ်စ်ဟာ ကိုဗစ်မဟုတ်ကြောင်း သူက ဆိုပါတယ်။ လက်ရှိမှာတော့ WHOဟာ အစောပိုင်း သင်္ဘောကမ်းကပ်တဲ့ ဆိပ်ကမ်းတွေမှာ ဆင်းသွားခဲ့တဲ့ ခရီးသည်တွေကို ရှာဖွေနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။
ဟန်တာဗိုင်းရပ်စ်ဟာ ရှားပါးတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးမွှား တစ်ခုဖြစ်ပြီး ဖျားနာတာ၊ ကိုယ်လက်ကိုက်ခဲတာတွေကစလို့ အဆုတ်နဲ့ နှလုံး ပျက်စီးတာ၊ နှလုံးသွေးကြောတွေ ပေါက်ထွက်တာမျိုး အခြေအနေတွေထိ ဆိုးရွားသွားနိုင်ပါတယ်။ ကုသဆေးနဲ့ ကုထုံးတွေလည်း တိတိကျကျ မရှိတာကြောင့် လူနာတွေ ခံစားရတဲ့ ဝေဒနာတွေကို သက်သာလျော့ပါးအောင် ကူညီတာမျိုးလောက်သာ လုပ်နိုင်ပါတယ်။
တာဝန်ရှိသူတွေကတော့ ရောဂါကူးစက်မှုရဲ့ မူလအစဟာ သင်္ဘောပေါ်မှာ မဟုတ်နိုင်ဘူးလို့ ယူဆထားပါတယ်။ အာဂျင်တီးနား နိုင်ငံမှာ သင်္ဘောကမ်းကပ်ချိန် လိုက်ပါလာခဲ့တဲ့ ခရီးသည် တစ်ဦးမှာ ရောဂါကူးစက်လာပြီး အဲဒီကနေတဆင့် အတ္တလန္တိတ် သမုဒ္ဒရာ ဖြတ်ကျော် ခရီးစဉ်မှာ တခြားသူတွေကို ထပ်ဆင့်ကူးစက်စေခဲ့တာလို့ ယုံကြည်ရပါတယ်။
အာဂျင်တီးနား ကျန်းမာရေး အာဏာပိုင်တွေကတော့ သင်္ဘော ကမ်းကပ်ခဲ့တဲ့ ယူရှူအိုင်ယာ ဒေသတဝိုက်က ကြွက်တွေမှာ ရောဂါပျံ့နှံ့ ကူးစက်မှုတွေ ရှိမရှိ စစ်ဆေးသွားမယ်လို့ ကြေညာထားပါတယ်။
ကိုးကား: AFP


















































