Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွေ ကြုံနေတဲ့ သင်္ဘောကို စပိန်ပိုင် ကာနေကျွန်းစုက ကမ်းကပ်ခွင့်ပေး

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပင်လယ်ပြင်မှာ ဒုက္ခကြုံနေတဲ့ ဇိမ်ခံ ခရုစ်သင်္ဘောဟာ စပိန်ပိုင် ကာနေကျွန်းစုမှာ သွားရောက်ပြီး ကမ်းကပ်ခွင့် ရမယ်လို့ စပိန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - AP

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပင်လယ်ပြင်မှာ ဒုက္ခကြုံနေတဲ့ ဇိမ်ခံ ခရုစ်သင်္ဘောဟာ စပိန်ပိုင် ကာနေကျွန်းစုမှာ သွားရောက်ပြီး ကမ်းကပ်ခွင့် ရမယ်လို့ စပိန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အာဖရိကတိုက် အနောက်ဖက် ကမ်းလွန်က ကိပ်ဗာဒီကျွန်းနားမှာ ကမ်းကပ်ထားတဲ့ သင်္ဘောဟာ အခုအခါမှာတော့ အရှေ့မြောက်ပိုင်းဆီ ခုတ်မောင်းပြီး စပိန်ပိုင် ကာနေကျွန်းစုဆီ ဦးတည်နေကြောင်း မေလ ၅ ရက်နေ့မှာ စပိန် ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

သင်္ဘောဟာ ၃ ရက်ကနေ ၄ ရက်အတွင်း ကာနေကျွန်းကို ရောက်ရှိလာမှာဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်တဲ့ ခရီးသည်တွေကို အဲဒီကျွန်းဆီ ရွှေ့ပြောင်းပြီး နေရာထိုင်ခင်း စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။

ဟန်တာဗိုင်းရပ်စ်ဟာ ကြွက်ရဲ့ အညစ်အကြေးတွေကနေ လူသားဆီ ကူးစက်တတ်ပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါမျိုး ဖြစ်ပွားစေနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

MV Hondius သင်္ဘောပေါ်မှာ အဲဒီဗိုင်းရပ်စ် ကူးစက်မှုတွေ စတင် ထောက်လှမ်း တွေ့ရှိပြီးနောက်ပိုင်း ခရီးသည် ၃ ဦးထိ သေဆုံးခဲ့ပြီး ဖြစ်သလို သင်္ဘောရဲ့ ဆရာဝန်နဲ့ တခြား အမှုထမ်းတစ်ဦးကလည်း အရေးပေါ် ကုသမှုတွေ ခံယူထားရပြီး ကယ်ဆယ် ရွှေ့ပြောင်းနိုင်ဖို့ စောင့်ဆိုင်းနေရပါတယ်။ ရောဂါလက္ခဏာတွေ ပြင်းထန်လို့ ရွှေ့ပြောင်းနိုင်ဖို့ စောင့်ဆိုင်းနေရင်း ဂျာမနီ နိုင်ငံသား တစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကတော့ ကိပ်ဗာဒီဟာ သင်္ဘောရောက်နေတဲ့ နေရာနဲ့ အနီးဆုံးမှာ ရှိခဲ့ပေမယ့် လက်ရှိ ပြဿနာကို မကိုင်တွယ်နိုင်ကြောင်း၊ တစ်ဖက်မှာတော့ စပိန် အစိုးရကလည်း ဒုက္ခရောက်နေသူတွေကို ကူညီပေးဖို့ အလေးအနက် ဆန္ဒရှိနေတဲ့အတွက် ကာနေကျွန်းစုဆီ ရွှေ့ပြောင်းစေဖို့ ဆုံးဖြတ်ခဲ့ကြောင်း ကြေညာပါတယ်။ စပိန်ဟာ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဆေးရုံအသုံးအဆောင်တွေပါတဲ့ လေယာဉ်တစ်စီးကို ကာနေကျွန်းစုဆီ ကြိုတင် စေလွှတ်ပေးထားပါတယ်။

ကာနေကျွန်းစုကို သင်္ဘောရောက်လာပြီဆိုရင် ခရီးသည်တွေနဲ့ အမှုထမ်းတွေကို ဗိုင်းရပ်စ် ကူးစက်ခံမထားရကြောင်း သေချာအောင် စစ်ဆေးပြီး နေရပ်ပြန်နိုင်အောင် စီစဉ်ပေးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သင်္ဘောပေါ် လိုက်ပါလာသူတွေကို ဒေသခံလူထုနဲ့ လုံးဝ ထိတွေ့မှု မရှိတာ သေချာအောင် သတိကြီးကြီးနဲ့ စီမံကိုင်တွယ်သွားမယ်လို့လည်း သိရပါတယ်။

ဟန်တာဗိုင်းရပ်စ်ဟာ ကြွက်ရဲ့ အညစ်အကြေးကနေ လူကို တိုက်ရိုက် ကူးစက်လေ့ရှိပြီး သင်္ဘောပေါ်မှာတော့ ရှားပါးအခြေအနေအဖြစ် လူအချင်းချင်း ကူးစက်မှုတွေပါ ရှိခဲ့တယ်လို့ ယုံကြည်ရကြောင်း WHOက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ လူပေါင်း ၁၅၀ လောက် လိုက်ပါလာတဲ့ သင်္ဘောပေါ်မှာ ဟန်တာဗိုင်းရပ်စ် အတည်ပြုလူနာ ၂ ဦးနဲ့ သံသယလူနာ ၇ ဦးထိ တွေ့ရှိထားပြီး ဖြစ်ပါတယ်။

အဲဒီဗိုင်းရပ်စ်ကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြင်းထန်တဲ့ ရောဂါဝေဒနာမျိုး ခံစားရနိုင်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ ဟန်တာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါကို ကြွက်တွေကနေ ကူးစက်တဲ့ အဆုတ်ရောင် ရောဂါတစ်ခုလို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ တုပ်ကွေးဆန်ဆန် ဖျားတာ၊ ချမ်းတုန်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာတွေ ဖြစ်နိုင်ပြီး ပြင်းထန်တဲ့ အဆင့်မှာတော့ အဆုတ်မှာ အရည်တွေပြည့်ရင်း နမိုးနီးယားပုံစံ ဖြစ်လာနိုင်ပါတယ်။ အဲဒီအဆင့်မှာ နှလုံးနဲ့ ကျောက်ကပ်တွေ ပျက်စီးပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ WHOဟာ ဟန်တာဗိုင်းရပ်စ်ကို အထူးသတိထားသင့်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါတစ်ခုလို့ သတ်မှတ်ထားပါတယ်။

ဟန်တာဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုထုံး၊ ကုသဆေးတွေ မရှိသေးပါဘူး။ ဒါပေမဲ့ ရောဂါလက္ခဏာတွေ သက်သာအောင် စောစောစီးစီး ကုသမှု ခံယူမယ်ဆိုရင် အသက်ရှင်နှုန်းလည်း ပိုမြင့်လာနိုင်ကြောင်း သိရပါတယ်။

ကိုးကား: France 24

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟန်တာဗိုင်းရပ်စ် ကူးစက်နိုင်ခြေနဲ့ ပတ်သက်လို့ နိုင်ငံပေါင်း တစ်ဒါဇင်လောက်မှာ အရေးတကြီး ခြေရာခံ စောင့်ကြည့်မှုတွေ စတင် လုပ်ဆောင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အတ္တလန္တိတ် သမုဒ္ဒရာထဲက အပျော်စီး ခရုစ်သင်္ဘောပေါ်မှာ ဟန်တာဗိုင်းရပ်စ် ကူးစက်ခဲ့မှုတွေဟာ အလေးအနက် ထားရမယ့် ကိစ္စဆိုတာ မှန်ပေမယ့် ကပ်ရောဂါဆိုးကြီး တစ်ခုရဲ့ အစတော့ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ရှင်းလင်းခဲ့ပါတယ်။

နိုင်ငံတကာ

အတ္တလန္တိတ် သမုဒ္ဒရာထဲ ခုတ်မောင်းနေတဲ့ အပျော်စီး ခရုစ်သင်္ဘော တစ်စီးပေါ်မှာ ဟန်တာဗိုင်းရပ်စ် ကူးစက်မှုလို့ ယူဆရတဲ့ အဖျားအနာတွေကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။