Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟန်တာ ဗိုင်းရပ်စ် ကူးစက်နိုင်ခြေကို နိုင်ငံပေါင်း တစ်ဒါဇင်လောက်မှာ ခြေရာခံ စောင့်ကြည့်နေ

ဟန်တာဗိုင်းရပ်စ် ကူးစက်နိုင်ခြေနဲ့ ပတ်သက်လို့ နိုင်ငံပေါင်း တစ်ဒါဇင်လောက်မှာ အရေးတကြီး ခြေရာခံ စောင့်ကြည့်မှုတွေ စတင် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

ဟန်တာဗိုင်းရပ်စ် ကူးစက်နိုင်ခြေနဲ့ ပတ်သက်လို့ နိုင်ငံပေါင်း တစ်ဒါဇင်လောက်မှာ အရေးတကြီး ခြေရာခံ စောင့်ကြည့်မှုတွေ စတင် လုပ်ဆောင်နေကြောင်း သိရပါတယ်။

အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုမျိုး ဖြစ်ပေါ်စေတဲ့ ပြင်းထန်ဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ခဲ့တဲ့ အပျော်စီး ခရုစ်သင်္ဘောပေါ် စီးနင်းလိုက်ပါပြီး နေရပ်နိုင်ငံ ပြန်သွားကြတဲ့ ခရီးသည်တွေရဲ့ ကျန်းမာရေး အခြေအနေကို ခြေရာခံ စစ်ဆေးကြဖို့ သက်ဆိုင်ရာ နိုင်ငံ အသီးသီးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ဆက်သွယ် အသိပေးထားပါတယ်။

လက်ရှိ အချိန်ထိ MV Hondius သင်္ဘောပေါ်က ဗိုင်းရပ်စ် ကူးစက်မှု ၇ ခုကို အတည်ပြု တွေ့ရှိထားပြီး သေဆုံးသူ ၃ ဦး ရှိလာခဲ့ပါတယ်။ ကမ္ဘာတလွှားမှာတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရတွေဟာ သင်္ဘောပေါ်က ဆင်းလာခဲ့တဲ့ ခရီးသည်တွေ၊ ပြီးတော့ သူတို့နဲ့ အနီးကပ် ထိတွေ့ခဲ့တဲ့ သူတွေကို အနီးကပ် စောင့်ကြည့်ဖို့ အပူတပြင်း စီစဉ်နေကြတာ ဖြစ်ပါတယ်။

ဟန်တာ ဗိုင်းရပ်စ်ဟာ ကြွက်ရဲ့ အညစ်အကြေးတွေကနေတဆင့် လူသားတွေကို အဓိက ကူးစက်လေ့ ရှိပါတယ်။ ဒါပေမဲ့ ခရုစ်သင်္ဘောပေါ်မှာတော့ ရှားပါးတဲ့ အခြေအနေအဖြစ် လူအချင်းချင်း တိုက်ရိုက်ကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ WHOက ယုံကြည်နေပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီသင်္ဘောဟာ ဧပြီ ၁ ရက်နေ့မှာ အာဂျင်တီးနားနိုင်ငံ တောင်ဖက်စွန်းကနေ စတင်ပြီး ခရီးစတင် ထွက်ခွာခဲ့ပါတယ်။ သင်္ဘောပေါ် လိုက်ပါလာသူ တစ်ဦးဦးဟာ အာဂျင်တီးနားမှာ ဗိုင်းရပ်စ် ကူးစက်ခံလာရပြီး အဲဒီကနေတဆင့် သင်္ဘောပေါ်မှာ ရောဂါပိုး ဖြန့်မိသလို ဖြစ်သွားတယ်လို့ WHOက ယူဆထားပါတယ်။ အဲဒီနောက် သင်္ဘောဟာ အရှေ့မြောက်ပိုင်းဆီ ဦးတည်ပြီး အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်သန်းခဲ့ပါတယ်။ စိန့်ဟယ်လင်နာ ကျွန်းမှာတော့ သင်္ဘောပေါ်က ခရီးသည် ၂၉ ဦး ဆင်းသွားခဲ့ပါတယ်။ နောက်တော့ မေလဆန်းလောက် အရောက်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေ၊ နာမကျန်းဖြစ်သူတွေကို သင်္ဘောပေါ်မှာ စတင် တွေ့ရှိလာရတာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ လက်ကျန် ခရီးသည်တွေ၊ အမှုထမ်းတွေနဲ့အတူ သင်္ဘောဟာ အာဖရိက အနောက်မြောက်ဖက် ကမ်းလွန်မှာ ရှိနေတဲ့ စပိန်ပိုင် ကန်ဒီကျွန်းစုဆီ ဆက်လက် ခုတ်မောင်းနေပြီး မေလ ၁၀ ရက်နေ့မှာ ကမ်းကပ်နိုင်ဖွယ် ရှိနေပါတယ်။

သင်္ဘောပေါ်က ဆင်းသွားပြီး နေရပ်ပြန်သွားတယ်လို့ ယုံကြည်ရတဲ့ ခရီးသည်တွေဟာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ စပိန်၊ ဂျာမနီစတဲ့ အနောက်နိုင်ငံတွေက အများစု ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာတော့ စင်ကာပူက ခရီးသည် ၁ ဦးဟာ သင်္ဘောပေါ် လိုက်ပါခဲ့ပြီး ရေယာဉ် အမှုထမ်းတွေထဲက ၃၈ ဦးက ဖိလစ်ပိုင် နိုင်ငံသားတွေလို့ သိရပါတယ်။ အဲဒီ နှစ်နိုင်ငံစလုံးမှာတော့ လောလောဆယ် ဟန်တာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်ကြောင်း အထောက်အထားတွေ မတွေ့ရသေးပါဘူး။

နယ်သာလန်ဟာ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို အဆိုးဆုံး ခံရတဲ့ နိုင်ငံအဖြစ် လတ်တလော ဦးဆောင်နေပါတယ်။ သေဆုံးသူတွေထဲက ၂ ဦးဟာ နယ်သာလန် နိုင်ငံသား ဇနီးမောင်နှံဖြစ်ပြီး သင်္ဘောဆရာဝန်နဲ့ ဧည့်လမ်းညွှန် တစ်ဦးကို နယ်သာလန်ဆီ ရွှေ့ပြောင်းလာပြီး ဆေးစစ်တဲ့ အခါမှာလည်း ကူးစက်ခံထားရကြောင်း အတည်ပြု တွေ့ရှိခဲ့ပါတယ်။

ဗြိတိန်နိုင်ငံသား တစ်ဦးဟာလည်း အခြေအနေ ဆိုးရွားတာကြောင့် တောင်အာဖရိကနိုင်ငံရဲ့ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့က ဆေးရုံမှာ အရေးပေါ် ကုသမှုတွေ ခံယူနေရပါတယ်။ သူလည်း ဆေးစစ်ရလဒ် positive ထွက်ခဲ့ပါတယ်။

စိန့်ဟယ်လင်နာကျွန်းမှာ သင်္ဘောပေါ်က ဆင်းခဲ့တဲ့ ဆွစ်ဇာလန် အမျိုးသား တစ်ဦးလည်း ဇူးရစ်ချ်မြို့ကို ပြန်ရောက်ပြီး ဆေးစစ်ကြည့်တဲ့ အခါမှာ positive ဖြစ်နေခဲ့ပါတယ်။

သင်္ဘောပေါ်မှာ သေဆုံးခဲ့သူတွေထဲမှာ ဂျာမနီ နိုင်ငံသား ၁ ဦး ပါဝင်တယ်လို့ ဂျာမနီ အစိုးရက အတည်ပြုထားပါတယ်။

ဟန်တာဗိုင်းရပ်စ်ဟာ ရှားပါးတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးမွှား တစ်ခုဖြစ်ပြီး ဖျားနာတာ၊ ကိုယ်လက်ကိုက်ခဲတာတွေကစလို့ အဆုတ်နဲ့ နှလုံး ပျက်စီးတာ၊ နှလုံးသွေးကြောတွေ ပေါက်ထွက်တာမျိုး အခြေအနေတွေထိ ဆိုးရွားသွားနိုင်ပါတယ်။ ကုသဆေးနဲ့ ကုထုံးတွေလည်း တိတိကျကျ မရှိတာကြောင့် လူနာတွေ ခံစားရတဲ့ ဝေဒနာတွေကို သက်သာလျော့ပါးအောင် ကူညီတာမျိုးလောက်သာ လုပ်နိုင်ပါတယ်။

WHOက ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ စိုးရိမ်စရာ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက ဖြစ်ပွားခဲ့တဲ့ ကိုဗစ်လိုမျိုး ကမ္ဘာ့ကပ်ရောဂါဆိုးကြီး အဆင့်ကိုတော့ ရောက်ရှိမသွားနိုင်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အတ္တလန္တိတ် သမုဒ္ဒရာထဲက အပျော်စီး ခရုစ်သင်္ဘောပေါ်မှာ ဟန်တာဗိုင်းရပ်စ် ကူးစက်ခဲ့မှုတွေဟာ အလေးအနက် ထားရမယ့် ကိစ္စဆိုတာ မှန်ပေမယ့် ကပ်ရောဂါဆိုးကြီး တစ်ခုရဲ့ အစတော့ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ရှင်းလင်းခဲ့ပါတယ်။

နိုင်ငံတကာ

ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ပင်လယ်ပြင်မှာ ဒုက္ခကြုံနေတဲ့ ဇိမ်ခံ ခရုစ်သင်္ဘောဟာ စပိန်ပိုင် ကာနေကျွန်းစုမှာ သွားရောက်ပြီး ကမ်းကပ်ခွင့် ရမယ်လို့ စပိန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အတ္တလန္တိတ် သမုဒ္ဒရာထဲ ခုတ်မောင်းနေတဲ့ အပျော်စီး ခရုစ်သင်္ဘော တစ်စီးပေါ်မှာ ဟန်တာဗိုင်းရပ်စ် ကူးစက်မှုလို့ ယူဆရတဲ့ အဖျားအနာတွေကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။