Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်နက်ကြီး အမြောက်အသစ်တွေကို တောင်ကိုရီးယားနဲ့ နယ်စပ်တလျှောက် ဖြန့်ကျက်ဖို့ မြောက်ကိုရီးယား စီစဉ်

နိုင်ငံရဲ့ လက်နက်ကြီး အမြောက်အသစ်တွေကို တောင်ကိုရီးယားနဲ့ နယ်စပ်တလျှောက်မှာ ဖြန့်ကျက်သွားဖို့ မြောက်ကိုရီးယားက စီစဉ်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - KCNA/AP

နိုင်ငံရဲ့ လက်နက်ကြီး အမြောက်အသစ်တွေကို တောင်ကိုရီးယားနဲ့ နယ်စပ်တလျှောက်မှာ ဖြန့်ကျက်သွားဖို့ မြောက်ကိုရီးယားက စီစဉ်နေကြောင်း သိရပါတယ်။

၁၅၅ မမ ဟောင်ဝစ်ဇာ စက်အမြောက် အသစ်တွေကို နိုင်ငံတောင်ပိုင်း နယ်စပ်တလျှောက်မှာ ဖြန့်ကျက်ဖို့ ပြင်ဆင်နေတဲ့ အကြောင်းကို မြောက်ကိုရီးယား အစိုးရ မီဒီယာက မေလ ၈ ရက်နေ့မှာ ဖော်ပြသွားပါတယ်။

အဲဒီ အမြောက်တွေဟာ တောင်ကိုရီးယားရဲ့ မြို့တော် ဆိုးလ်အထိ လက်လှမ်းမီအောင် ပစ်ခတ်နိုင်မယ်လို့ ယုံကြည်ရပါတယ်။ ဒီလက်နက်တွေ နယ်စပ်မှာ ဖြန့်ကျက်မယ့် ကိစ္စဟာ တောင်ပိုင်းက ပြိုင်ဘက် နိုင်ငံနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ ရန်လိုမှုတွေ ပိုပြီး နက်ရှိုင်းလာတယ် ဆိုတာကို မြင်သာစေပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ အခုသီတင်းပတ်ထဲမှာ လက်နက်စက်ရုံ တစ်ခုဆီ သွားရောက်ခဲ့ပြီး မျိုးဆက်သစ် ၁၅၅ မမ ဟောင်ဝစ်ဇာ စက်အမြောက်တွေ တပ်ဆင် ထုတ်လုပ်မှုကို စစ်ဆေး လေ့လာခဲ့တယ်လို့ KCNA သတင်းဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အမြောက်တွေဟာ အကွာအဝေး ကီလိုမီတာ ၆၀ ကျော်လောက်ထိ ပစ်ခတ်နိုင်ကြောင်း၊ ဒီနှစ်ထဲကစပြီး နယ်စပ်မှာ ဖြန့်ကျက်သွားမယ့် အစီအစဉ် ရှိနေကြောင်း KCNAရဲ့ သတင်းအရ သိရပါတယ်။

ဆိုးလ်မြို့လယ်ဟာ မြောက်ကိုရီးယား နယ်စပ်ကနေ ကီလိုမီတာ ၅၀ နဲ့ ၆၀ အတွင်းလောက်မှာ ရှိနေပါတယ်။ ပြီးတော့ တောင်ကိုရီးယားရဲ့ လူဦးရေ အထူထပ်ဆုံး၊ စက်မှုလုပ်ငန်း အဖွံ့ဖြိုးဆုံး ဂျောင်ဂီ ဧရိယာရဲ့ အပိုင်းအများစုကလည်း အဲဒီအမြောက်တွေ လက်လှမ်းမီမယ့်သဘော ဖြစ်လာပါတယ်။

အခု ဟောင်ဝစ်ဇာ အမြောက်အသစ်တွေဟာ မြောက်ကိုရီးယားရဲ့ မြေပြင် စစ်ဆင်ရေး စွမ်းဆောင်ရည်မှာ ထင်ရှားမြင်သာတဲ့ အပြောင်းအလဲတွေ၊ အားသာမှုတွေကို ရရှိလာစေလိမ့်မယ်လို့ KCNAက ညွှန်းဆိုထားပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၃ ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ ကျွန်းဆွယ်စစ်ပွဲမှာ အပစ်အခတ် ရပ်စဲထားပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုရသေးပါဘူး။ ဒါကြောင့် အဲဒီနှစ်နိုင်ငံဟာ သီအိုရီအရ အခုထိ စစ်ဖြစ်နေကြဆဲလို့ သတ်မှတ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားအပေါ် ပိုပြီးရန်လိုတဲ့ သဘောထား မူဝါဒတွေ အထင်အရှား ပြသလာခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရက တောင်ပိုင်း အိမ်နီးချင်းတွေကို နိုင်ငံရဲ့ ရန်သူတော်လို့ တရားဝင် သတ်မှတ် ကြေညာထားသလို ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း မြောက်ကိုရီးယားဟာ ကိုရီးယား နှစ်နိုင်ငံ ပြန်လည်သင့်မြတ် ပေါင်းစည်းရေးဆိုတဲ့ သဘောထားကို နိုင်ငံရဲ့ မူဝါဒတွေထဲကနေ ဖယ်ထုတ်ပစ်ခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတရုံးကတော့ နိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ဆက်ပြီး အားထုတ် ကြိုးစားနေမှာ ဖြစ်တယ်လို့ မေလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။