ဉာဏ်ရည်တု နည်းပညာ (AI)က ကူညီ ပဲ့ထိန်းပေးတဲ့ ဒုံးကျည်တွေကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ကြောင်း သိရပါတယ်။
အခု သီတင်းပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ အဲဒီ လက်နက် စမ်းသပ်မှုကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းကိုယ်တိုင် ဦးစီး ကွပ်ကဲခဲ့ပြီး ခေတ်သစ် စစ်ပွဲတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ခဲယမ်းမီးကျောက်တွေလို့ ချီးကျူးသွားခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ခေါင်းဆောင်ကြီးကင်မ်ဟာ ဒုံးကျည်တွေ စမ်းသပ်မှုရဲ့ ရလဒ်ကိုလည်း အတော်ကြီး ကျေနပ်နေတယ်လို့ KCNAက ဆိုပါတယ်။ မေလ ၂၆ ရက်နေ့က AI ပဲ့ထိန်းစနစ်ကို လက်တွေ့ စမ်းသပ်ဖို့အတွက် မြောက်ကိုရီးယားဟာ ဒုံးကျည အမျိုးအစား တချို့ကို ပင်လယ်ဝါဖက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ဝါဟာ ကိုရီးယား ကျွန်းဆွယ်နဲ့ တရုတ်နိုင်ငံကြားက ရေပြင်ဖြစ်ပြီး အနောက်ပင်လယ်လို့လည်း ခေါ်ဝေါ်လေ့ရှိပါတယ်။
မြောက်ကိုရီးယားရဲ့ ချောင်ဂျူမြို့နားကနေ ပစ်ခတ်ခဲ့တဲ့ စမ်းသပ်ဒုံးကျည်တွေထဲမှာ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ခရုစ်ဒုံးကျည် အမျိုးအစား တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ ဒုံးကျည်တွေကို တောင်ကိုရီးယားနဲ့ နယ်စပ်နားမှာ ဖြန့်ကျက်ဖို့ ရည်ရွယ်ကြောင်း ကင်မ်က ပြောဆိုထားဖူးပါတယ်။

Public Service Announcement
မေလ ၂၆ ရက်နေ့ လက်နက် စမ်းသပ်မှုတွေမှာတော့ နျူကလီးယား စစ်ပွဲ ကြုံလာရင် အသုံးပြုဖို့ အထူးရည်ရွယ် တည်ဆောက်ထားတဲ့ ဒုံးကျည် ထိပ်ဖူး တစ်မျိုးနဲ့ ပစ်မှတ်ကို အရမ်းတိတိကျကျ ချေမှုန်းနိုင်တဲ့ ၂၄၀ မမ လက်နက်ကြီးစနစ် တစ်ခုတို့လည်း ပါဝင်ခဲ့ကြောင်း KCNAက ဆိုပါတယ်။
စမ်းသပ်မှု ရလဒ်တွေကတော့ မြောက်ကိုရီးယား ဒုံးကျည်စနစ်တွေဟာ ခေတ်သစ်စစ်ပွဲတွေနဲ့ ကိုက်ညီတဲ့ အဆင့်မြှင့်တင် မွမ်းမံမှုတွေ ထိထိရောက်ရောက် ပေါင်းစပ်ထားနိုင်ပြီ ဆိုတာကို အထင်အရှား ပြသနေခဲ့တယ်လို့ KCNAက ဖော်ပြသွားပါတယ်။
ကင်မ်က နိုင်ငံရဲ့ လက်နက်ကြီး ပစ်ခတ်မှု စွမ်းရည်ကို ဘယ်သူမှ လိုက်မမီနိုင်မယ့် အဆင့်မျိုးထိ မြှင့်တင်ဖို့လည်း မြောက်ကိုရီးယား စစ်တပ်ဆီ တိုက်တွန်း တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားကနေ ပင်လယ်ဝါဖက်ကို ဒုံးကျည်တချို့ ပစ်ခတ်ခဲ့တာ ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ကြေညာပြီး နောက်တစ်နေ့ မေလ ၂၇ ရက်နေ့မှာ KCNAဆီက ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား စစ်တပ်က မြောက်ကိုရီးယား ပစ်ခတ်ခဲ့တဲ့ထဲက ပဲ့ထိန်းဒုံးကျည် တစ်စင်းဟာ ကီလိုမီတာ ၈၀ လောက် ခရီးပေါက်အောင် ပျံသန်းခဲ့ကြောင်း ထုတ်ပြန်ပေမယ့် တခြား လက်နက်တွေရဲ့ အကြောင်းကိုတော့ မှတ်ချက်မပေးခဲ့ပါဘူး။
ကိုးကား: Sky


















































