အမေရိကန် အစိုးရဟာ မယုံကြည်ထိုက်ကြောင်း၊ အီရန် အနေနဲ့ နိုင်ငံရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေအတွက် အပြည့်အဝ အာမခံချက် မရသ၍ အမေရိကန်နဲ့ ဘယ်လို သဘောတူညီမှုမှ မယူသင့်ကြောင်း အီရန်ရဲ့ စစ်ပြေငြိမ်းရေး ညှိနှိုင်းမှု အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။
အီရန်လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်၊ အမေရိကန်နဲ့ လက်ရှိ ဆွေးနွေးမှုတွေမှာ ဦးဆောင်နေသူလည်းဖြစ်တဲ့ မိုဟာမက် ဘက်ဟာ ဂါလီဘက်ဖ်က မေလ ၃၁ ရက်နေ့မှာ အခုလို သတိပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာ အပစ်အခတ် ရပ်စဲထားတဲ့ အီရန်နဲ့ အမေရိကန်တို့ကြား တရားဝင် စစ်ပြေငြိမ်းရေးနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီက ပိုမိုတင်းမာတဲ့ သဘောထားမျိုးနဲ့ အဆိုပြုချက်တစ်ရပ် အီရန်ဆီ ပေးပို့ထားကြောင်း သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ဂါလီဘက်ဖ်က အမေရိကန် အစိုးရဟာ မယုံကြည်သင့်ကြောင်း မှတ်ချက်ပေးလာခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမေရိကန် သတင်းဌာနတွေဖြစ်တဲ့ New York Timesနဲ့ Axiosတို့က ထရမ့်ဟာ အီရန်ဆီကို စစ်ပြေငြိမ်းရေးဆိုင်ရာ ပိုမို တင်းမာပြတ်သားတဲ့ အဆိုပြုချက် အသစ်တစ်ခု ပေးပို့ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ လက်ရှိ ညှိနှိုင်းနေဆဲ အချက်အလက်တွေကို ပြင်ဆင်ပြောင်းလဲမှု မှန်သမျှဟာ အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေး အားထုတ်မှုတွေကို နှောင့်နှေး ထိခိုက်စေလိမ့်မယ်လို့ နိုင်ငံတကာအရေး အကဲခတ်တွေက ထောက်ပြထားကြပါတယ်။
ထရမ့်က အီရန်နဲ့ ဆွေးနွေးမှုတွေမှာ အချက်အလက် တချို့ကို ထပ်ပြီး ပြင်ဆင်ထားကြောင်း သတင်းတွေ ထွက်နေပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ အစောပိုင်းမှာတော့ ထရမ့်ဟာ အီရန် နျူကလီးယား နည်းပညာ စီမံကိန်း အားလုံးကို ဖျက်သိမ်းဖို့၊ အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့ အဓိက ဖိအားပေး တောင်းဆိုထားခဲ့ပါတယ်။

Public Service Announcement
သူ့အနေနဲ့ ကျိန်းသေပေါက် အာမခံနိုင်တာကတော့ အီရန်မှာ နျူကလီးယား လက်နက်တွေ လုံးဝ ရှိလာလို့ မရဘူးဆိုတာဖြစ်ပြီး အီရန်ကလည်း သဘောတူထားကြောင်း၊ ဒီအခြေအနေက စိတ်ဝင်စားစရာကောင်းကြောင်း ထရမ့်က Fox သတင်းဌာနမှာ ချွေးမဖြစ်သူ လာရာထရမ့်ရဲ့ အစီအစဉ်အတွင်း ပြောကြားသွားပါတယ်။
ဂါလီဘက်ဖ်ကတော့ အီရန်ပြည်သူတွေ ရနိုင်မယ့် အခွင့်အရေးတွေ အားလုံးကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားနိုင်မယ်ဆိုတာ မသေချာသ၍ အီရန်က ဘယ်လို သဘောတူညီချက်မျိုးကိုမှ ခွင့်ပြုမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။
ရန်သူရဲ့ စကားတွေ၊ ကတိတွေ တစ်ခုကိုမှ အီရန်အနေနဲ့ မယုံကြည်နိုင်ကြောင်း၊ အီရန်လိုလားတဲ့ ကိစ္စတွေ ပြည့်မြောက်နိုင်မှာ သေချာပြီဆိုမှ လက်ဆုပ်လက်ကိုင် ပြနိုင်လောက်တဲ့ ဆွေးနွေးမှု ရလဒ်တွေ အကောင်အထည် ပေါ်လာရေး ရှေ့ဆက်တိုးမှာဖြစ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
အီရန် သတင်းဌာန Tasnimကတော့ အီရန်နဲ့ အမေရိကန်တို့ကြား အဆိုပြုချက် အပြောင်းအလဲတွေကို အပြန်အလှန် ပေးပို့ထားပြီး ဆွေးနွေးမှုတွေ ဆက်ရှိနေဆဲလို့ ထုတ်ပြန်ခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက နှစ်ဖက်ကြား တိကျတဲ့ ပိုင်းဖြတ်မှုတွေ မရှိသေးသ၍ အရာရာဟာ ထင်ကြေးအဆင့်ထက် မပိုဘူးလို့လည်း သတိပေးထားပါတယ်။
အီရန်ဖက်က တောင်းဆိုထားတဲ့ အချက်အလက်တွေထဲမှာ အမေရိကန်က တားမြစ်ထိန်းချုပ်ထားတဲ့ အီရန်ပိုင် ငွေကြေး ဒေါ်လာ ၁၂ ဘီလီယံလောက်အပေါ် ကန့်သတ်မှုတွေ ဖယ်ရှားပေးဖို့ ဆိုတာလည်း ပါဝင်ကြောင်း သိရပါတယ်။
ကိုးကား: AFP


















































