Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ အမေရိကန်တို့ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွား

အီရန်နဲ့ အမေရိကန်ကြား အပြန်အလှန် တိုက်ခိုက်ခဲ့ကြတဲ့နောက် အရှေ့အလယ်ပိုင်း ဒေသရဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဆက်လက်တည်မြဲရေးဟာ စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။

ဓာတ်ပုံ - US Central Command

အီရန်နဲ့ အမေရိကန်ကြား အပြန်အလှန် တိုက်ခိုက်ခဲ့ကြတဲ့နောက် အရှေ့အလယ်ပိုင်း ဒေသရဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဆက်လက်တည်မြဲရေးဟာ စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။

ဇွန်လ ၂ ရက်နေ့မှာ အမေရိကန်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အစီအမံအဖြစ် အီရန်ရဲ့ ကက်ရှမ်ကျွန်းမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း၊ ပြီးတော့ အီရန်ကနေ ပင်လယ်ကွေ့ ဒေသတွင်း အာရပ်နိုင်ငံတွေနဲ့ သင်္ဘောတွေဆီ ချိန်ရွယ် ပစ်ခတ်ခဲ့တဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ကက်ရှမ်ကျွန်းကို ပစ်မှတ်ထားခဲ့တာဟာ အရှေ့အလယ်ပိုင်း ဒေသအနှံ့ အီရန်က ကျူးလွန်တဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့သာ ဖြစ်တယ်လို့ အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ပြောပါတယ်။

တစ်ဖက်မှာတော့ အီရန်က ဒေသတွင်း နိုင်ငံတစ်ခုမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေနဲ့ ရဟတ်ယာဉ်တွေကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အသုံးပြုပြီး ပစ်ခတ်ခဲ့တယ်လို့ ကြေညာပါတယ်။ CENTCOMရဲ့ ထုတ်ပြန်ချက်မှာတော့ အီရန်ဟာ ကူဝိတ်ပိုင်နက်ဆီ ဒုံးကျည် ၂ စင်းနဲ့ ဘာရိန်းကို ၃ စင်း ပစ်ခတ်ခဲ့ပေမယ့် အားလုံးကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။ ဒါ့အပြင် အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထား ပျံသန်းသွားတဲ့ အီရန်ဒရုန်း ၃ စီးကိုလည်း အမေရိကန်က ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အီရန်နဲ့ အမေရိကန်တို့ဟာ ဧပြီ ၈ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲထားပြီး စစ်ပြေငြိမ်းရေး ဆွေးနွေးနေပေမယ့် သိသာတဲ့ တိုးတက်မှုတွေ မရသေးဘဲ ကြန့်ကြာနေပါတယ်။ အခုလို တိုက်ခိုက်မှုတွေ မတိုင်ခင် ဇွန်လ ၂ ရက်နေ့မှာ အမေရိကန် စစ်တပ်ဟာ ဟောမုဇ် ရေလက်ကြားနားမှာ အီရန်ဆီ ဦးတည် ခုတ်မောင်းနေတဲ့ ရေနံတင် သင်္ဘောတစ်စီးကိုလည်း ဒုံးကျည်နဲ့ ပစ်ခတ်ပြီး တားဆီးခဲ့ပါသေးတယ်။

ဘော့ဆွာနာ အလံ လွှင့်ထူထားပြီး ကိုယ်ထည် အလွတ်နဲ့ ခုတ်မောင်းလာတဲ့ သင်္ဘောဟာ ဟောမုဇ် ရေလက်ကြားနားမှာ ပိတ်ဆို့ထားတဲ့ အမေရိကန် ရေတပ်ရဲ့ အကြိမ်ကြိမ် တားဆီးမှုတွေကို မျက်ကွယ်ပြုခဲ့ကြောင်း၊ ဒါကြောင့်လည်း အမေရိကန် လေယာဉ်တစ်စီးဟာ သင်္ဘောရဲ့ အင်ဂျင်ခန်းကို Hellfire ဒုံးကျည်နဲ့ ပစ်ခတ်ပြီး ခုတ်မောင်းမှုကို ရပ်တန့်စေခဲ့ကြောင်း CENTCOMက ကြေညာခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကတော့ ဟောမုဇ် ရေလက်ကြားရဲ့ လုံခြုံရေးကို ထိခိုက် ခြိမ်းခြောက်လာတဲ့ အမေရိကန်ရဲ့ ရန်လိုမှုတွေအတွက် ကြီးကြီးမားမား ပေးဆပ်ရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ ရေနံတင်သင်္ဘောကို အမေရိကန်က ဒုံးကျည်နဲ့ ပစ်ခတ်တဲ့ ကိစ္စအပေါ်မှာတော့ အီရန်ဖက်က လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အမေရိကန် ရေတပ်ဟာ ဟောမုဇ်ရေလက်ကြားကို ဖြတ်ပြီး အီရန်ဆီ ကူးသန်းသွားလာတဲ့ သင်္ဘောမှန်သမျှကို ဧပြီ ၁၃ ရက်နေ့ ကတည်းက ပိတ်ဆို့ တားဆီးနေတာ ဖြစ်ပါတယ်။ အဲဒီ မစ်ရှင်အတောအတွင်း ရေယာဉ် ၆ စီးကို အမေရိကန် စစ်တပ်က ကိုယ်ထိလက်ရောက် ဟန့်တားခဲ့ပြီး နောက်ထပ် ၁၂၂ စီးထက် မနည်းကတော့ အမေရိကန်ရဲ့ သတိပေးမှုတွေကြောင့် နောက်ကြောင်းပြန်လှည့်၊ ဒါမှမဟုတ် ဦးတည်ရာ လမ်းကြောင်း ပြောင်းလဲခဲ့ကြရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။