ဇွန်လ ၃၀ ရက်နေ့မှာ ဆက်လက် ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ အိုင်ဗရီကို့စ်ကို အနိုင်ယူပြီး အခုနှစ် ပြိုင်ပွဲရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ထိ တက်လှမ်းနိုင်တဲ့ ပထမဆုံး ဥရောပ အသင်းအဖြစ် နော်ဝေးက မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
အစောပိုင်း ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေမှာ နယ်သာလန်နဲ့ ဂျာမနီလို ဥရောပ ထိပ်သီး အသင်းတွေ အရေးနိမ့် ထွက်ခွာခဲ့ပေမယ့် နော်ဝေးကတော့ အာဖရိကရဲ့ အသင်းကောင်း အိုင်ဗရီကို့စ်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲမှာ နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေ ရခဲ့ကြပေမယ့် ကံခေမှုတွေနဲ့ ဂိုးသမားတွေရဲ့ လက်စွမ်းပြမှုတွေကြောင့် ဂိုးအရနည်းခဲ့ကြပါတယ်။















နော်ဝေးအတွက် အဖွင့်ဂိုးကိုတော့ မာတင် အိုဒီဂတ် ပေးပို့တဲ့ ဘောလုံးကို တောင်ပံ တိုက်စစ်မှူး အန်တိုနီယို နူဆာက လှလှပပ ဝေ့ဝိုက်ကန်သွင်းပြီး ပွဲချိန် ၃၉ မိနစ်မှာ သွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာ အိုင်ဗရီကို့စ်က ချေပဂိုးရဖို့ တိုက်စစ်ကို တင်ကစားလာပြီး ၇၄ မိနစ်မှာတော့ ညာတောင်ပံကနေ အာမက် ဒီယာလိုက တစ်ကိုယ်တော် ခြေစွမ်းနဲ့ ထိုးဖောက်လာပြီး ကန်သွင်းမှုကြောင့် တစ်ဂိုးစီ သရေ ဖြစ်လာပါတယ်။ ဒါပေမဲ့ အာဖရိက အသင်းအတွက် အပျော်က သိပ်ကြာကြာ မခံခဲ့ပါဘူး။
ပွဲချိန် ၈၆ မိနစ်မှာ ပက်ထရစ်ဘာ့ဂ် ပေးပို့တဲ့ ဘောလုံးကို ဧရိယာထဲမှာ တိုက်စစ်မှူး အာလင် ဟာလန်းက အသာအယာ ပိတ်သွင်းပြီး နော်ဝေးအတွက် အနိုင်ဂိုးကို ရယူသွားခဲ့ပါတယ်။ ဒါဟာ အခုနှစ် ပြိုင်ပွဲမှာ ဟာလန်းအတွက် ၅ လုံးမြောက် သွင်းဂိုးလည်း ဖြစ်လာပါတယ်။

Public Service Announcement
နော်ဝေးဟာ ၁၆ သင်း ရှုံးထွက်အဆင့်မှာတော့ ကမ္ဘာ့ဖလားရဲ့ အောင်မြင်မှု အစဉ်အလာ အကြီးဆုံး အသင်းဖြစ်တဲ့ ဘရာဇီးနဲ့ ရင်ဆိုင်သွားရမှာပါ။ အရင်က အဲဒီနှစ်သင်းဟာ ကမ္ဘာ့ဖလားမှာ တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးပြီး ၁၉၉၈ ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ နော်ဝေးက နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ကိုးကား: FIFA


















































