နော်ဝေးနိုင်ငံက ထိန်းချုပ်ထားတဲ့ ရုရှား သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ရုရှားက တောင်းဆိုလိုက်ပါတယ်။
ယူကရိန်း စွမ်းအင်ကုမ္ပဏီ Naftogazက ရုရှားသိမ်းယူခဲ့တဲ့ ပိုင်ဆိုင်မှုတွေအတွက် နစ်နာရေး ရလိုမှုအတွက် နော်ဝေး တရားရေး ဌာနဆီ လျှောက်ထား တောင်းဆိုခဲ့တဲ့နောက် ဩဂုတ် ၃၁ ရက်နေ့ တရားရုံး အမိန့်အရ ရုရှားရေယာဉ် တစ်စီးကို ထွက်ခွာခွင့် မပေးတော့ဘဲ ထိန်းချုပ်ခဲ့တယ်လို့ နော်ဝေးပိုင် ဆဗဲလ်ဘတ်ဒ်ဒေသ အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ခဲ့ပါတယ်။
ဆဗဲလ်ဘတ်ဒ်ဟာ မြောက်ဝင်ရိုးစွန်းရဲ့ တောင်ဖက် ကီလိုမီတာ ၁၀၀၀ လောက် အကွာမှာ တည်ရှိပါတယ်။ ယူကရိန်းရဲ့ တောင်းဆိုမှုကြောင့် ရုရှားရေယာဉ် တစ်စီးကို NATO အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ နော်ဝေးက ဖမ်းဆီးလိုက်တာဟာ ရုရှားအပေါ် အကဲစမ်းမှု တစ်ခုလို့လည်း ယူဆနိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။
စက်တင်ဘာ ၃ ရက်နေ့မှာတော့ နော်ဝေးထိန်းချုပ်ထားတဲ့ Professor Molchanov ရေယာဉ်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ရုရှားက တောင်းဆိုလိုက်ပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက လည်း နော်ဝေး သံအမတ်ကို ဆင့်ခေါ်ပြီး အခုကိစ္စအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement
ဒေသတွင်းမှာ ရုရှားရဲ့ ရေယာဉ်တွေ တရားဝင် ခုတ်မောင်းသွားလာခွင့်ကို ခြိမ်းခြောက်လာတဲ့ နော်ဝေးရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ရုရှားက အလေးအနက် ဆန့်ကျင် ရှုတ်ချကြောင်းလည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။ နော်ဝေးမှာရှိတဲ့ ရုရှားသံရုံးကလည်း ရေယာဉ်ကို ထိန်းချုပ်ခဲ့တဲ့ ကိစ္စကို အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။
လက်ရှိ ယူကရိန်း စစ်ပွဲ မဖြစ်ပွားခင် ၂၀၁၄ တုန်းက ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားတပ်တွေက ဝင်ရောက် ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီတုန်းက Naftogazရဲ့ ခရိုင်းမီးယားမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကိုပါ ရုရှားက သိမ်းယူခဲ့တာကြောင့် ကုမ္ပဏီဖက်က နစ်နာကြေး ဒေါ်လာ ၄.၂ ဘီလီယံ ရလိုကြောင်း နိုင်ငံတကာ တရားစီရင်ရေး နယ်ပယ်ကနေ စိန်ခေါ်အမှုရင်ဆိုင်ခဲ့ပါတယ်။
နယ်သာလန် အခြေစိုက် ဟိဂ်မြို့က တရားခွင်မှာတော့ ၂၀၂၃ ခုနှစ် စီရင်ချက်မှာ ယူကရိန်း ကုမ္ပဏီဖက်ကို အနိုင်ပေးခဲ့ပါတယ်။ အဲဒီ တရားရုံး ဆုံးဖြတ်ချက်ကို နော်ဝေး အစိုးရကလည်း လေးစား လက်ခံထားပါတယ်။ ရုရှားကတော့ တရားရုံး ဆုံးဖြတ်ချက်ကို ပယ်ချပြီး နစ်နာကြေးပေးဖို့ ငြင်းဆိုခဲ့တာကြောင့် Naftogazဟာ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူစေပြီး နစ်နာကြေးအဖြစ် ပြောင်းလဲယူနိုင်ရေး လမ်းကြောင်းကို ပိုမိုအားထည့်လာပါတယ်။
နော်ဝေးက ထိန်းချုပ်ခဲ့တဲ့ Professor Molchanov ရေယာဉ်ဟာ လေ့လာရေးနဲ့ စူးစမ်းရှာဖွေရေး မစ်ရှင်တွေအတွက် အဓိက အသုံးပြုတဲ့ သုတေသန သင်္ဘောတစ်စီး ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဲဒီသင်္ဘောဟာ ဆဗဲလ်ဘတ်ဒ်မှာရှိတဲ့ ရုရှား သတ္တုတူးဖော်ရေး ကျေးရွာတစ်ခုနားမှာ ပိတ်မိနေပါတယ်။ နော်ဝေး အာဏာပိုင်တွေကတော့ သင်္ဘောနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လက် ကိုင်တွယ်ရမလဲ ဆိုတာကို တရားရုံးဆီက အမိန့်သစ် စောင့်ဆိုင်းနေကြောင်း ပြောပါတယ်။
ရုရှားက အပြင်းအထန် ကန့်ကွက်နေပေမယ့် အခုကိစ္စမှာ နော်ဝေးဟာ ချစ်ခြင်းမုန်းခြင်း လုံးဝ မပါဘဲ တရားရုံး ဆုံးဖြတ်ချက်၊ စီရင်ချက်တွေနဲ့အညီ ဆောင်ရွက်တာသာ ဖြစ်တယ်လို့ နော်ဝေး တရားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဖရန့်ခ် လိုင်နွမ်က မှတ်ချက်ပေးသွားပါတယ်။
ယူကရိန်း စစ်ပွဲကြောင့် ရုရှားအပေါ် နော်ဝေးက အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့တဲ့နောက် ဆဗဲလ်ဘတ်မှာ ရှိနေတဲ့ ရုရှား အခြေချသူတွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ပေးတဲ့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်လာကြောင်းလည်း ရုရှားက ပြောပါတယ်။
၁၉၂၀ အာတိတ် နယ်မြေ ခွဲဝေရေး စာချုပ်အရ ဆဗဲလ်ဘတ်ဒ်ကို နော်ဝေးပိုင်နက် နယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် အဲဒီ နယ်မြေမှာ အခြေစိုက်ပြီး သတ္တုတူးဖော်တဲ့ တခြားနိုင်ငံတွေရဲ့ လူမှုအဖွဲ့အစည်းတွေကိုလည်း တန်းတူညီမျှ အခွင့်အရေးအားလုံး ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ ရုရှားဟာ ဆဗဲလ်ဘတ်ဒ်မှာ လူဦးရေ ရာနဲ့ချီရှိတဲ့ ကျေးရွာငယ်နှစ်ခု အခြေချထားပြီး ကျောက်မီးသွေးနဲ့ တခြားသတ္တုတွေ တူးဖော်နေကြောင်း သိရပါတယ်။
ကိုးကား: Reuters


















































