ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။
UN အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က AI နည်းပညာဟာ လိုက်မီဖို့ခက်တဲ့ မြန်နှုန်းမျိုးနဲ့ တိုးတက်နေပြီး လူ့အဖွဲ့အစည်းတွေကိုလည်း ဘယ်လို စနစ်တကျ စီမံမှုမျိုး၊ လိုလားသဘောတူမှုမျိုးတွေမှ မရှိဘဲ အစမ်းသပ်ခံတွေ ဖြစ်လာနေတယ်လို့ သူက ဆိုပါတယ်။
နည်းပညာက လူသားတွေကို စိတ်တိုင်းကျ ပြန်ခြယ်လှယ်တဲ့ အဆင့်မျိုး ရောက်မသွားအောင်၊ AIဟာ လူသားတွေရဲ့ ကောင်းကျိုးအတွက်ပဲဆိုတာ သေချာအောင် စနစ်တကျ ထိန်းကွပ်ဖို့ လိုအပ်လာနေပြီလို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဇူလိုင် ၆ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ AI စီမံကွပ်ကဲရေး ဆွေးနွေးပွဲမှာ ဂူတာရက်ဇ်က ပြောကြားသွားပါတယ်။
AIဟာ မျက်မှောက်ခေတ် ကမ္ဘာကြီးကို စတင် ပြောင်းလဲနေပြီဖြစ်ကြောင်း၊ အရေးကြီးတဲ့ မေးခွန်းက လူသားတွေဟာ အဲဒီ ပြောင်းလဲမှုမှာ လိုက်လျောညီထွေ ပါဝင်မှာလား၊ ဒါမှမဟုတ် AIရဲ့ ပြောင်းလဲမှုအတိုင်း လက်သင့်ခံလိုက်မလား ဆိုတာဖြစ်ကြောင်း ဂူတာရက်ဇ်က ဆိုပါတယ်။

Public Service Announcement
AIဟာ ကုတ်ဒ်တွေ ရေးသားတာ၊ အွန်လိုင်းမှာ လှုပ်ရှားတာ၊ ဆုံးဖြတ် ရွေးချယ်တာတွေကို လူသားတွေရဲ့ ကွပ်ကဲကြပ်မတ်မှု မပါတော့ဘဲ ပိုမို လုပ်ဆောင်လာနေကြောင်း ကုလသမဂ္ဂ အကြီးအကဲက ထောက်ပြခဲ့ပါတယ်။
လူ့အဖွဲ့အစည်းဟာ အမိန့်အတိုင်း တသွေမတိမ်း လိုက်နာ အလုပ်လုပ်ပေးမယ့် စက်ပစ္စည်းတွေနဲ့ပဲ သင့်တော်ပြီး ကိုယ်တိုင် ဆုံးဖြတ်တဲ့ စက်တွေနဲ့ ယှဉ်တွဲနေဖို့တော့ အဆင်သင့် မဖြစ်သေးကြောင်းလည်း ဂူတာရက်ဇ်က ပြောကြားသွားပါတယ်။
ဂူတာရက်ဇ်က စိုးရိမ်ကြောင်း ထောက်ပြသွားတဲ့ နောက်ထပ် ရှုထောင့်တစ်ခုက AI ကုမ္ပဏီတွေနဲ့ တချို့နိုင်ငံတွေဟာ AIနည်းပညာအတွက် စွမ်းအင် လွန်လွန်ကဲကဲ အသုံးပြုနေတဲ့ ကိစ္စဖြစ်ပါတယ်။
ကလေးတွေက AIနဲ့ ထိတွေ့တဲ့အခါ သင့်တော် လုံခြုံတယ်ဆိုတာ သေချာအောင်၊ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက် ထိပါးမှုတွေကို လုံးဝ သည်းမခံတဲ့ မူဝါဒမျိုးနဲ့ တုံ့ပြန်နိုင်အောင် စီမံဖို့ လိုကြောင်းလည်း သူက သတိပေးခဲ့ပါတယ်။ အထူးသဖြင့် ဘာမှ စည်းမျဉ်းသေချာ ကြပ်မတ်မထားတဲ့ AIတွေက ကလေးတွေကို ဓာတ်ခွဲခန်းထဲက ပူးလေးတွေလို စမ်းသပ်နေတာမျိုး ဖြစ်မသွားဖို့ သိပ်အရေးကြီးကြောင်း ဂူတာရက်ဇ်က ဆိုပါတယ်။
သူစိတ်အပူဆုံး ကိစ္စကတော့ စစ်ရေးနည်းပညာအဖြစ် AIကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင် အသုံးပြုလာခြင်း ဖြစ်တယ်လို့လည်း ဂူတာရက်ဇ်က ဝန်ခံခဲ့ပါတယ်။ အထူးသဖြင့် AIက ထိန်းချုပ်ပြီး အလိုအလျောက် အလုပ်လုပ်တဲ့ လက်နက် စနစ်တွေ တွင်ကျယ်လာမှာကို စိုးရိမ်ကြောင်း၊ အဲဒီလို လက်နက်တွေကို လူသတ်စက်ရုပ်တွေလို့ သတ်မှတ် ခေါ်ဆိုနိုင်ကြောင်း ဂူတာရက်ဇ်က ပြောပါတယ်။
လူ့အသက်တွေကို နုတ်ယူဖို့အတွက် လူသားတွေရဲ့ ထိန်းချုပ်မှုနဲ့ ဆုံးဖြတ်မှု မပါဝင်ဘဲ စက်တွေကိုပဲ တာဝန်ပေးပြီး ဆုံးဖြတ်ခွင့် ပေးလိုက်တာမျိုးက ကျင့်ဝတ်စည်းမျဉ်းတွေနဲ့လည်း မသင့်တော်ကြောင်း၊ AIကို အဲဒီလို တလွဲ အသုံးချမှုတွေကို တင်းတင်းကျပ်ကျပ် တားမြစ်တဲ့ နိုင်ငံတကာ ဥပဒေတွေ ပေါ်ပေါက်လာဖို့ လိုအပ်ကြောင်း သူက ဆက်ပြောပါတယ်။
AIဟာ လူသားတွေရဲ့ အနာဂတ် ဘဝမှာ ကောင်းကျိုးတွေပဲ ဖန်တီး ယူဆောင်ပေးလာမှာ သေချာစေဖို့ လမ်းညွှန်မှုတွေ၊ စည်းမျဉ်းတွေ ချမှတ်ဖို့ အရမ်းအရေးကြီးလာပြီလို့ ဂူတာရက်ဇ်က ဆိုပါတယ်။ မဟုတ်ရင်တော့ လက်ရှိ မျိုးဆက်ဟာ လူသားတွေနဲ့ စက်တွေကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မယ့် စံနှုန်းတွေ၊ လမ်းညွှန်ချက်တွေ ရေးဆွဲ ချမှတ်ပေးနိုင်တဲ့ နောက်ဆုံးမျိုးဆက် ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်လို့ သူက ပြောပါတယ်။ တံခါးတွေက ဖွင့်ထားဆဲဖြစ်ကြောင်း၊ ဒါပေမဲ့ အကြာကြီးတော့ ဆက်ပြီး ပွင့်နေဦးမယ် မထင်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက သတိပေးသွားခဲ့ပါတယ်။
ကိုးကား: AFP


















































