ဉာဏ်ရည်တု နည်းပညာ (AI)ကို စူပါဉာဏ်ရည် (SI)လို့ နာမည်ပြောင်းလဲ သတ်မှတ်တဲ့ အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ထရမ့်ဟာ AIနည်းပညာ အရှိန်အဟုန်နဲ့ တိုးတက်ရေးကို အထူးအားပေးသူဖြစ်ပြီး AIကို အထိန်းအကွပ်မရှိ လွှတ်ထားပေးတာကြောင့် အန္တရာယ်တွေ ကြုံလာနိုင်ကြောင်း စိုးရိမ်မှုတွေကို ပယ်ချထားပါတယ်။ AIနဲ့ ပတ်သက်လို့ အရှိန်အဟုန်နဲ့ မြှင့်တင်မှုတွေဟာ စိုးရိမ်ရလောက်အောင် ပရမ်းပတာ ဖြစ်လာနေကြောင်း ထောက်ပြမှုတွေကိုလည်း သူက အလိမ်အညာ စကားတွေလို့ တုံ့ပြန်ထားပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့မှာ ထရမ့်က AI နည်းပညာ ဦးဆောင် ပညာရှင်တွေနဲ့ တွေ့ဆုံခဲ့သလို AIကို SIအဖြစ် နာမည်ပြောင်းတဲ့ အမိန့်ကိုလည်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ဒီနည်းပညာက အစဉ်တစိုက် တိုးတက်လာလေလေ၊ တုပထားတဲ့ ဉာဏ်ရည်တစ်ခု မဟုတ်တော့ဘဲ စူပါဉာဏ်ရည်ရဲ့ ခေတ်သစ်တစ်ခု ဖြစ်ဖို့ ဦးတည်လာလေလေလို့ ထရမ့်က သူ့အမိန့်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။ သူ့အမိန့်အရ ဖက်ဒရယ် အစိုးရ ရုံးစာတွေမှာ AIကို SIလို့သာ ရည်ညွှန်းတော့မှာပါ။

Public Service Announcement
ဒါဟာ အဲဒီ နည်းပညာက အမေရိကန် ပြည်သူတွေအတွက် ပေးစွမ်းနိုင်မယ့် အကန့်အသတ် မရှိတဲ့ အခွင့်အလမ်းတွေကို ထင်ဟပ်စေမယ့် အသုံးအနှုန်းမျိုးလည်း ဖြစ်လာမယ်လို့ သူက ပြောပါတယ်။ ဒီဉာဏ်ရည်မျိုးက အတုမဟုတ်ဘူး ဆိုတာကို အားလုံး လက်ခံခဲ့တယ်လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။
ထရမ့်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နယူးယောက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ AIအစား SIလို့ နာမည်ပြောင်းသင့်တယ်ဆိုတဲ့ သူ့သဘောထားကို စတင် ကြေညာခဲ့ပါတယ်။ AIနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပေမယ့် နည်းပညာ ဦးဆောင် ပညာရှင်တွေဟာ သင့်တော်တဲ့ ထိန်းညှိမှုတွေကို သေချာပေါက် ဆွေးနွေး သတ်မှတ်နိုင်မှာ ဖြစ်တယ်လို့ သူက မိန့်ခွန်းထဲမှာ အာမခံ ပြောဆိုသွားခဲ့ပါတယ်။
ကိုးကား: Politico


















































