Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက် အရက်ဘား မီးလောင်မှုကြောင့် ၂၇ ဦးထက်မနည်း သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ သန်းခေါင်ယံ ဝန်းကျင်လောက်မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး အဆောက်အအုံရဲ့ မျက်နှာစာ တံခါးဝကနေ မီးလျံတွေ တိုးထွက်လာတာ၊ လူတွေ အလန့်တကြား ထွက်ပြေးလာတာတွေကို တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ လူတွေ ကြောက်လန့်တကြား ထွက်ပြေးနေတာ၊ အလဲလဲ အပြိုပြိုတွေ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ အနည်းဆုံး လူ ၂ ယောက်လောက် မီးစွဲလောင်နေတာကို တချို့ဗီဒီယိုတွေမှာ မြင်ခဲ့ရပါတယ်။

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ရာ နေရာမှာ အလောင်း ၂၇ လောင်း ရှာတွေ့ခဲ့ကြောင်း ပြောပါတယ်။ သူက ဆေးရုံရောက်နေသူတွေလည်း ရှိတယ်လို့ မီဒီယာတွေဆီ အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှု စတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။ ကနဦး တွေ့ရှိချက်တွေအရ အရက်ဘားရဲ့ အရေးပေါ် ထွက်ပေါက် နေရာတွေမှာ သကြားလုံးတွေနဲ့ တခြား ကုန်ပစ္စည်းတွေ ရောင်းချတဲ့ စင်တွေ ထားရှိတာကြောင့် လမ်းကြောင်း ပိတ်ထားသလို ဖြစ်နေခဲ့တယ်လို့လည်း သိရပါတယ်။

မီးသတ်တွေက မီးကို နာရီဝက်လောက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့ပေမယ့် အဲဒီ တိုတောင်းတဲ့ အချိန်အတွင်းမှာတင် အရမ်းဆိုးရွားတဲ့ အခြေအနေတွေ ကြုံတွေ့ပြီး ဖြစ်သွားစေခဲ့ပါတယ်။ ပြည်တွင်း မီဒီယာတွေက အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၈ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း လူ ၆၀ ကျော် ဆေးရုံရောက်နေတယ်လို့ ဖော်ပြကြပါတယ်။ ပြီးတော့ အရေအတွက် အတိအကျ မသိရသေးတဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိပါတယ်။

ဝန်ကြီးချုပ်က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ သူဟာ မီးစလောင်ချိန် ဘားထဲမှာ ဖျော်ဖြေနေခဲ့တဲ့ အဆိုတော် တစ်ဦးကို ကိုယ်တိုင် မေးမြန်းကြည့်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီ မျက်မြင်သက်သေရဲ့ အဆိုအရ အဆောက်အအုံရဲ့ လျှပ်စစ်ဓာတ်အား အဖြတ်အတောက် လုပ်တဲ့ မိန်းခလုတ် နေရာမှာ မီးစလောင်တာကို မြင်ခဲ့ရကြောင်း၊ အဲဒီနောက် အခြေအနေတွေက မြန်မြန်ဆန်ဆန် ဆိုးရွားသွားခဲ့ကြောင်း၊ ပေါက်ကွဲမှုတချို့လည်း ဖြစ်ခဲ့ပြီး လူတွေက မီးတွေ၊ မီးခိုးလုံးတွေကြား ထွက်ပြေးကုန်ကြတယ်လို့ သိခဲ့ရကြောင်း အနူတင်က ပြောပါတယ်။

မလွတ်မြောက်နိုင်တဲ့သူ တော်တော်များများက ထွက်ပေါက် ရှာမတွေ့တဲ့အခါ အိမ်သာထဲကို ဝင်ရောက် ပုန်းအောင်းနေခဲ့ကြောင်း၊ ဝမ်းနည်းဖို့ ကောင်းစွာနဲ့ပဲ အဲဒီနေရာမှာ ရုပ်အလောင်းတွေ အများဆုံးကို ရှာတွေ့ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

Rong Beer Na Lat Phraoဆိုတဲ့ ဘားဟာ ဘန်ကောက်ရဲ့ ချာတူချက် ခရိုင်ထဲမှာ တည်ရှိပြီး လူအသွားအလာ များပြားတဲ့ စားသောက်ဆိုင်နဲ့ ဖျော်ဖြေရေးရိပ်မြုံ တစ်ခုအဖြစ် လူသိများပါတယ်။

အခင်းဖြစ်တဲ့ နေရာဆီ ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ ဘန်ကောက် အုပ်ချုပ်ရေးမှူး ချတ်ချာ့တ် ဆစ်တီပွန်က အရက်ဘားရဲ့ အတွင်းပိုင်း အဆင်အပြင်မှာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ အသုံးပြုထားခြင်းက မီးကူးစက်မှုကို ပိုပြီး မြန်ဆန်သွားစေခဲ့ကြောင်း ပြောပါတယ်။

ဖြစ်စဉ် တစ်ခုလုံးကို မှုခင်းဆိုင်ရာ ပညာရှင်တွေက အသေးစိတ် နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းစစ်ဆေးဖို့ လိုအပ်နေကြောင်းလည်း ချတ်ချာ့တ်က မှတ်ချက်ပေးခဲ့ပါတယ်။

ဖြတ်သွားဖြတ်လာ ကားတစ်စီးရဲ့ ယာဉ်မောင်းက ဘားမှာ မီးလောင်နေတာကို တွေ့ပြီး အကြောင်းကြားမှ မီးသတ်တွေက အဲဒီနေရာဆီ ရောက်သွားခဲ့တာလို့လည်း သိရပါတယ်။ အဲဒီ တာဝန်သိပြည်သူ ယာဉ်မောင်းက အဆောက်အအုံရဲ့ ပြတင်းပေါက်တွေကို ခွဲပြီး လူ ၂ ဦးကို ကူညီ ကယ်ထုတ်ပေးခဲ့ကြောင်းလည်း ပြောပြခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နေ့ကလေးထိန်း ကျောင်းကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ အသက် ၅၄ နှစ်အရွယ် ယာဉ်မောင်းကို စွဲချက် ၅ ခုနဲ့ ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပါတယ်။

သတင်း

(၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဒီကနေ့ (ဩဂုတ် ၈) မနက်အစောပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်