ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။
အစောပိုင်းတုန်းက ဇူလိုင် ၁၂ ရက်နေ့ သန်းခေါင်ယံမှာ မီးလောင်ခဲ့တဲ့ Rong Beer Na Lat Phrao ဘားထဲမှာ လူ ၂၇ ဦးရဲ့ အလောင်းတွေကို မီးသတ် တပ်ဖွဲ့ဝင်တွေက ရှာတွေ့ခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း ၆၀ ကျော်ကလည်း ဒဏ်ရာတွေ ရခဲ့ပြီး သုံးပုံတစ်ပုံလောက်က အခြေအနေ စိုးရိမ်ရတယ်လို့ ကယ်ဆယ်ရေးတွေက ပြောကြားခဲ့ပါတယ်။
ဇူလိုင် ၁၄ ရက် မနက်ပိုင်းထိ အခြေအနေ အရတော့ ဆေးရုံမှာ ထပ်မံသေဆုံးသူတွေပါ ရှိလာတာကြောင့် သေဆုံးစာရင်းဟာ ၃၀ ထိ မြင့်တက်လာတာ ဖြစ်ပါတယ်။
ဘန်ကောက်ရဲ့ ချာတူချက် ခရိုင်ထဲမှာရှိတဲ့ အရက်ဘား မီးလောင်မှုမှာ ဒဏ်ရာရခဲ့သူတွေထဲက ၃၆ ဦးကတော့ ဆေးရုံဆင်းခွင့် ရခဲ့ပြီးပါပြီ။ ဆေးရုံမှာ ရှိနေသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူ ၂၄ ဦးနဲ့ အတန်အသင့် ဒဏ်ရာပြင်းသူ ၁၅ ဦး ရှိတယ်လို့လည်း သိရပါတယ်။

Public Service Announcement
စုံစမ်းစစ်ဆေးရေး အရာရှိတွေက မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို ဆက်လက် စစ်ဆေးနေပြီး အဆောက်အအုံရဲ့ အရေးပေါ် ထွက်ပေါက်တွေဟာ အခင်းဖြစ်ချိန်မှာ ပိတ်ခံထားရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း စုံစမ်းနေပါတယ်။
အရေးပေါ် ထွက်ပေါက် နေရာဟာ ပိတ်ထားတဲ့အပြင် မှောင်မည်းနေတဲ့ နေရာမှာ ထွက်ပေါက်နေရာကို ညွှန်ပြတဲ့ ဆိုင်းဘုတ် မီးရောင်ကလည်း လင်းမနေခဲ့ဘူးလို့ မျက်မြင်တချို့က ပြောပါတယ်။ သေဆုံးသူတွေထဲက အများအပြားရဲ့ အလောင်းတွေကိုတော့ အရက်ဘားရဲ့ အိမ်သာ အတွင်းနဲ့ အနီးတဝိုက်မှာ ရှာတွေ့ခဲ့ပါတယ်။
မီးလောင်မှု ဖြစ်ပွားတဲ့ အဆောက်အအုံကို ၁၉၇၀ ပြည့်နှစ်မှာ တည်ဆောက်ခဲ့ပြီး အစားအသောက် ရောင်းချဖို့နဲ့ ဂီတ ဖျော်ဖြေမှုတွေအတွက် လိုင်စင် ရထားပါတယ်။
မီးလောင်ထားတဲ့ အဆောက်အအုံကို ကနဦးအဖြစ် ရက်ပေါင်း ၃၀ ပိတ်ထားပြီး အဆောက်အအုံရဲ့ မီးဘေးနဲ့ ပတ်သက်လို့ ကြိုတင်စီမံထားမှုတွေနဲ့ တခြားလုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို ပြန်လည် စစ်ဆေးသွားမယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။


















































