Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ကွင်းဆက် ဖောက်ထွင်းမှုတွေ ကျူးလွန်ခဲ့တဲ့ တရုတ်နှစ်ဦး ထိုင်းကို ပြန်လာချိန်မှာ အဖမ်းခံရ

ဇိမ်ခံအိမ်တွေကို အဓိက ပစ်မှတ်ထားတဲ့ တရုတ် ဖောက်ထွင်းဝိဇ္ဇာနှစ်ဦး ထိုင်းနိုင်ငံဆီ ပြန်ရောက်လာချိန် လေဆိပ်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ - Nonthaburi News

ဇိမ်ခံအိမ်တွေကို အဓိက ပစ်မှတ်ထားတဲ့ တရုတ် ဖောက်ထွင်းဝိဇ္ဇာနှစ်ဦး ထိုင်းနိုင်ငံဆီ ပြန်ရောက်လာချိန် လေဆိပ်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ရဲတွေက အဲဒီနှစ်ဦးဟာ နွန်သာဘူရီမှာရှိတဲ့ ဇိမ်ခံအိမ်တွေမှာ ကွင်းဆက် ဖောက်ထွင်းမှုတွေ ကျူးလွန်ခဲ့သူတွေအဖြစ် သံသယ ရှိနေပါတယ်။ တရုတ်နှစ်ဦးဟာ နေရပ်ဆီ ပြန်မသွားခင်က ဘတ်ငွေ ၁ သန်းကျော်ဖိုးလောက် တန်ဖိုးရှိတဲ့ ငွေသားနဲ့ အဖိုးတန် ပစ္စည်းတွေကို ခိုးယူခဲ့ကြောင်း စွပ်စွဲ ခံထားရပါတယ်။

အခု သီတင်းပတ်က ထိုင်းမှာ ရက်ရှည် ရုံးပိတ်ရက်တွေ ရှိနေပြီး မိသားစုတွေ ခရီးထွက်ကြမယ့် အချိန်နဲ့ တိုက်ဆိုင်ပြီး သူတို့နှစ်ဦးက ထိုင်းကို ပြန်လာခဲ့ကြလို့ ချိုင်ယာဖရူ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိချုပ် ဒုတိယ ရဲမှူးကြီး ချတ်သာဝတ် ဆရီရီဘန်ဂျာဆက်က ပြောကြားခဲ့ပါတယ်။

တရုတ်နှစ်ဦးဟာ ဇူလိုင် ၂၇ ရက် ညပိုင်းက ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်ဆီ ဆိုက်ရောက်လာချိန်မှာပဲ ရဲတွေက စောင့်ကြိုပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၉ နှစ်စီ ရှိကြတဲ့ ကျန်လိပေါင်နဲ့ ဟုန်ဖေ့ရှင်းတို့ နှစ်ဦးကို မေလ ၁၁ ရက်နေ့ ကတည်းက ထိုင်းတရားရုံး တစ်ခုက ဝရမ်းထုတ်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ကို လေဆိပ်ကနေ ချိုင်ယာဖရူ ရဲစခန်းဆီ ခေါ်ဆောင်သွားပြီး စစ်ဆေးခဲ့တဲ့ အခါမှာတော့ နောက်ထပ် ဖောက်ထွင်းမှုတွေမှာ အသုံးပြုဖို့လို့ ယူဆရတဲ့ မျက်နှာဖုံးတွေ၊ လက်အိတ်တွေ၊ ပခုံးသိုင်းအိတ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

ကျန်နဲ့ ဟုန်တို့ဟာ ခိုးမှု၊ သူတစ်ပါးပိုင် ပစ္စည်း ထိခိုက်ပျက်စီးစေမှု၊ ပိုင်နက်ကျူးကျော်မှု၊ ရာဇဝတ်မှု ကျူးလွန်ဖို့ ရည်ရွယ်ပြီး သရုပ်မှန် ဖုံးကွယ်မှုစတဲ့ စွပ်စွဲချက်တွေအတွက် အမှုရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ဧပြီလတုန်းက နွမ်သာဘူရီမှာ ဖြစ်ပွားခဲ့တဲ့ အဆင့်မြင့်အိမ်ရာ၊ ဇိမ်ခံအိမ်တွေ ဖောက်ထွင်းခံရမှု ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအဖြစ် အခုဖမ်းဆီးမှုတွေ ပေါ်ပေါက်လာတာပါ။ သံသယ တရားခံ နှစ်ဦးဟာ နောက်ထပ် တရုတ် နိုင်ငံသား တစ်ဦးဖြစ်တဲ့ ချန်ဝမ့်ဟွားနဲ့အတူ နေအိမ်တချို့ကို ဖောက်ထွင်းပြီး ဘတ် ၁ သန်းဖိုးလောက် ခိုးယူခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ချန်ကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဖောက်ထွင်းရေးသမားတွေဟာ ခိုးရာပါ ပစ္စည်းတွေကို ထိုင်းနိုင်ငံက တခြားရပ်ဝေးဒေသ တစ်ခုမှာ ရောင်းချပြီး တရုတ်နိုင်ငံဆီ ပြန်သွားခဲ့တာပါ။ နောက်ပိုင်းမှာတော့ ရဲတွေက အမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး လုံလောက်တဲ့ သက်သေ အထောက်အထားတွေ ရရှိခဲ့တဲ့နောက် ဖမ်းဝရမ်း ထုတ်ပြီး သံသယရှိသူတွေ ပြန်အလာကို စောင့်ဆိုင်းနေခဲ့တာလို့လည်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။